CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
အိမ်နီးချင်းအင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ရုန်းထလာနိုင်သည့် အနေအထား မျိုး မြင်တွေ့ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် မတ်လမှာ ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့သည်မှာ ယနေ့ထိဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းကနေ တပ်မတော်၏ အုပ်ချုပ် မှု ဖြစ်တည်လာချိန်မှာတော့ မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
၂၀၂၁ - ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ အာဆီယံအုပ်စုများ၊ အနောက်နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု စသည့် အခြေအနေ များသည် လက်ရှိ မြန်မာနိုင်ငံ အနေအထားနှင့် နှိုင်းယှဥ်လျှင် များစွာ ပြောင်းလဲလာသည်ကို မြင်တွေ့ရသည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အနေအထားအတိုင်း ဆက်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် ၂၀၂၇ နောက်ပိုင်းတွင် အားကောင်းလာနိုင်ကြောင်း၊ အင်အားကြီး နိုင်ငံများကြား၌ မြန်မာပြန်ရုန်းထလာနိုင်သည့် အနေအထားမျိုး မြင်တွေ့ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာန သို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ခဲ့သူများကို တွေ့ရစဉ်
၎င်းက “အဲတာတွေက ဘာကို ရွေ့သွားလဲဆိုတော့ ကျနော်တို့ နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းဖို့၊ စီးပွားရေး အကျပ်အတည်းတွေ ဖြေရှင်းဖို့ရဲ့ ပထမ ငါးနှစ်ရဲ့ ဇာတ်လမ်းအစပေါ့နော်။ အဲဒီ အရှိန်သာ ဆက်ထိန်းနိုင်မယ်ဆို ရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း တစ်ဖန် ပြန်ပြီး အားကောင်းလာဖို့ သေချာတယ်။ ကျနော်တို့ မြင် တာကတော့ ၂၀၂၇ နောက်ပိုင်းမှာ Peace Process တွေက တော်တော်လေး ရောက်လာပါလိမ့်မယ်။ နောက်တစ် ခါ အခြေခံဥပဒေ ပြင်ဆင်တာတွေလည်း ဆောင်ရွက်ဖို့အတွက် ရှိလာဖို့ လွှတ်တော်လည်း ထွက်ပြီဆိုတော့ ကဏ္ဍ ပေါင်းစုံကနေ ဒီဟာကို အခု ရက် ၁၀၀ ပြီးနောက်ပိုင်း ပထမတစ်နှစ်၊ ဒုတိယနှစ် နောက်ပိုင်းမှာ ဖြစ်လာမှာ။ ကျနော်တို့ ခန့်မှန်းချက်အရ ဆိုရင်တော့ ဒါက အပြောင်းအလဲ တစ်ခုထက် စတင်ပြီးတော့မှ ကုန်းရုန်းပြီးတော့မှ ထလာတဲ့ သဘောပဲ။ လဲတဲ့အတိုင်း နေလိုက်တဲ့သူက ကျရှုံးသွားတာများတယ်။ အဲဒီကနေ ပြန်ထတဲ့ လူသာလျှင် ခြေလှမ်းလှမ်းနိုင်တာ။ ငါးနှစ်ဆိုရင် ငြိမ်းချမ်းရေး အတိုင်းအတာ တစ်ခုရမယ်။ အဲဒီရဲ့ တည်ငြိမ်မှုက အတိုင်း အတာ တစ်ခု ဖြစ်လာနိုင်တယ်။ အဲဒီတော့ ခုနကလိုပေါ့ နိုင်ငံရေးပဋိပက္ခ အုပ်စုတွေရဲ့ ဘယ်လောက်သူတို့ ဆက်လုပ်မလဲဆိုတဲ့ဟာက အခုပြန်ကြည့်တော့ မြန်မာနိုင်ငံမှာ နယ်စပ်ဂိတ်ထိ တွေ့တဲ့ နယ်နိမိတ်က ငါးနိုင်ငံ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရယ်၊ နောက်တစ်ခါ ထိုင်းရှိတယ်၊ လာအိုရှိတယ်၊ အိန္ဒိယရှိတယ်၊ တရုတ်ရှိတယ် အဲဒီမှာ အင်အားကြီးတဲ့ နိုင်ငံအားလုံးက ငြိမ်းချမ်းရေး Process ကို သူတို့ရဲ့ ပါဝါနဲ့ သွားမယ့်သဘောတွေမြင်တယ်။ ငြိမ်းချမ်းရေး Process ကို ရောက်အောင်သွားမယ့် သဘောလို့တော့။ ထိုင်းကလည်း ဒီတိုင်းဆိုရင်တော့ သူက လည်း ဒီအတိုင်း လိုက်လာမယ့် သဘောရှိတယ်။ အဲဒါဆိုရင် ကျနော်တို့ နယ်နိမိတ်မှာရှိနေတဲ့ ကျနော်တို့ EAO တွေကလည်း ဒီကိစ္စမှာ Do or Die ဖြစ်လာမှာပဲ။ သူတို့က သခင် သန်းထွန်းတို့လို ဗမာပြည်ကွန်မြူနစ်ပါတီလို အသေခံတိုက်မလား သို့မဟုတ် ငြိမ်းချမ်းရေး သွားမလားဆိုတဲ့ဟာက သူတို့ရဲ့ စဉ်းစားချက်တွေမှာ အကျပ် အတည်းတွေ ဆိုက်ရောက် လာမယ်ထင်တယ်။ ငါးနှစ်မှာ အနေအထားက ဒီအနေအထားရောက်လာမှာလို့ မြင်ရတယ်” ဟု ပြောသည်။
ထို့အပြင် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စောင့်ကြည့်ထိန်းချုပ်ရေး မူဝါဒကို မည်ကဲ့သို့ အကောင် အထည် ဖော်လာနိုင်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာအမ်ကောန်လက “ငြိမ်းချမ်းရေး Process က အထိုက်အလျောက် ဖြစ်ပြီဆိုတာနဲ့ နိုင်ငံရေးပဋိပက္ခ တည်ငြိမ်ပြီဆိုတာနဲ့ နောက် ဟိုဘက် ငါးနှစ်ပေါ့။ ပေါင်းဆယ်နှစ်ဆိုရင်တော့ အရှိန်ရပြီ။ ဒါကိုတော့ (Positive View) က ကြည့်မယ်ဆိုရင်တေ့ာ ဒီအတိုင်းသွားမယ်။ (Negative View) က ကြည့်အရတော့ အနောက်အုပ်စုက ဘယ်လောက်ဝင်ပြီး (Containment policy) ကို ဘယ်လို အကောင်အထည် ဖော်မလဲပေါ့နော်။ ကျနော်တို့ဆီမှာ ဆိုရင် ဒီအရေးအခင်းက မြန်မာပြည် တောင်ပိုင်းမှာဆိုရင် ကျားဖြန့်ကိစ္စ အကောင်အထည်ဖော်လာတယ်။ နောက် တစ်ခါ အနောက်ဘက်မှာဆိုရင် ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စတွေက အကောင်အထည်ဖော်လာတယ်။ အဲဒီနှစ်ချက်က သူတို့ဘယ်လောက်လုပ်နိုင်မလဲ။ ဒီဘက်က ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျနော်တို့ ဘယ်လောက် ကာ ကွယ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျနော်မြင်တာကတော့ Containment Policy အရ အထိုက် အလျောက် ပဲရှိမယ်။ တကယ်တမ်း ရိုက်မချိုးနိုင်ဘူးထင်တယ်။ ရိုက်ချိူးနိုင်ဖို့တော့ မလွယ်ဘူး မြန်မာရဲ့ သွားတဲ့ လမ်းကြောင်းကတော့။ ငါးနှစ်နဲ့ ဆယ်နှစ်မှာ ပြန်ရုန်းထလာနိုင်တယ်ဆိုတဲ့ ကောက်ယူချက်ပေါ့နော်။ ကောက်ယူ ချက်က တော်တော် နီးစပ်တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။

အခြေခံလူတန်းစားကို တွေ့ရစဉ်
လက်ရှိမြန်မာနိုင်ငံတွင် အဓိက ဖြေရှင်းရမည့် ကိစ္စရပ်သည် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခသာ ဖြစ်သည့် အတွက် ထိုကိစ္စရပ် မအောင်မြင်သေးသရွေ့ အခြားကဏ္ဍများ၌ အဆင်ပြေနိုင် မည်ဆိုသည်မှာ လက်တွေ့ မကျနိုင် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက မဖြစ်နိုင်ဘူးလို့တော့ မပြောဘူး။ ဒါပေမယ့် လက်တွေ့ မကျဘူးပေါ့နော် ကျနော့်အမြင်က။ မဖြစ်နိုင် ဘူးလို့တော့ မပြောပါဘူး။ အဓိက,က ဘာလဲဆိုတော့ မြန်မာပြည်ရဲ့ ပြဿာနာက ပြဿနာထဲမှာ မနက်ကပဲ ထိုင် စဉ်းစားနေတာ။ အရေးကြီးဆုံးက ဘာလဲဆိုတော့ ဒီတိုင်းရင်းသားပြဿနာပေါ့နော်။ ဒါမဖြစ်လို့ရှိရင် ကျန်တာက ဖြစ်ဖို့က မလွယ်ဘူးပေါ့။ နံပါတ်တစ်အချက်က Political System တစ်ခုပေါ့ ဖက်ဒရယ်ဒီမိုကရက်တစ်ဆိုတာ ကျနော့် အမြင်အရတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ Democracy Practice အလေ့အကျင့် မရှိဘဲနဲ့ ဖက်ဒရယ်သွားတယ်ဆိုတာ အန္တရာယ်အရမ်းများတယ်။ လိုရင်းတိုရှင်းကတော့ ပြည်ထောင်စု မြန်မာနိုင်ငံကြီး Setting ကို ဘယ်လိုချမလဲ ဒါ နံပါတ်တစ် အရေးကြီးပဲ။ နံပါတ်နှစ် ဒီ Settings မှန်တော့မှ စီးပွားရေးစနစ်က မှန်မှာကို။ စီးပွားရေးစနစ်မှန်မှပဲ တိုးတက်မှာပေါ့။ အဓိက,က ဘာလဲဆိုတော့ တိုင်းရင်းသားပြဿနာကို အရင်ဆုံး ဘယ်လို အားလုံးအဆင်ပြေတယ် တကယ်စနစ်တကျပေါ့ အတွေးအခေါ် အမြော်အမြင်ပညာပါတဲ့ Setting တစ်ခုကို ဘယ်လိုချမလဲ အဲဒါအရင်ဆုံး လုပ်ရမှာပေါ့။ အဲဒါပြောပြီးမှ ဟိုဒင်း ဖြစ်ရင်တော့ မှန်တယ်။ ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ ပထမဆုံး First Setting က နိုင်ငံရေးစနစ်ကို သေချာ Setting ချဖို့လိုတယ်။ အထူးသဖြင့်တေ့ာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဒုတိယအဆင့်က နိုင်ငံရေး စနစ်မှန်မှပဲ စီးပွားရေးစနစ်က မှန်လာမယ်။ သို့သော်ငြားလည်း လောလောဆယ် အနေအထားကြီးကို Short to the point ပြောမယ်ဆိုရင် Legitimacy သဘောအရတော့ တဖြေးဖြေးနဲ့တော့ ဖြစ်သွားမှာပဲလေ။ ဖြစ်သွားပြီဆို လို့ရှိရင် Main ပြဿာနာက စီးပွားရေးက ကျလာတာ ဒီတိုင်း ထိန်းပြီးသွားမယ်ဆိုလို့ရှိရင် စီးပွားရေးအရဆိုရင် ဈေးကွက်စီးပွားရေး ဖြစ်ကိုဖြစ်ရမယ်။ ဈေးကွက်စီးပွားရေး ကျကျနန ဖြစ်တယ်လို့ နိုင်ငံတကာက မယုံကြည်သေး သရွေ့ Foreign Investment က လာကိုမလာဘူး။ အဲဒါလေးတွေ စဉ်းစားစေချင်တာပေါ့နော်။ ဒါပေမယ့် ဒီ Setting အခြေခံက တကယ်တော့ ရှိပြီးသားပဲ ဘာလဲဆိုတော့ ဒီ ၂၀၀၈ ပေါ့။ ၂၀၀၈ ဆိုတာ ကျနော် နားလည် သလောက်ကတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပဲလေ။ တစ်ခုရှိတာက ၂၀၀၈ ကိုတော့ သေချာ ပီပီပြင်ပြင် လုပ် မယ်ဆိုတော့ အရိပ်အယောင် အတွေးအခေါ်မျိုး လိုတယ်ပေါ့နော်”ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့စီးပွားရေး အဆင်မပြေမှု ဖြစ်နေသော ပြဿနာသည် စီးပွားရေးစနစ် တစ်ခုလုံးကို သေချာစွာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေသည့်အတွက် စီးပွားရေး အဆင်မပြေပါက အမြင်များ၊ အတွေးအခေါ်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများကလည်း ထောက်ပြနေကြသည်။
လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ လည်းကောင်း၊ တရုတ်နိုင်ငံကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ လည်းကောင်း သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးနေသည်။
