CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား သဘောတူထားသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်း ရပ်တန့်ထားရာကနေ ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် မည်သည့် အင်အားစုက အဓိကကျနေသလဲ ဆိုသည့်အပေါ် စီးပွားရေး၊ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။

ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့သည်။ 

လက်ရှိမှာတော့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA-CNF-PDF များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် ရပ်တန့်လျက်ရှိနေသည်။

 AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

အခြားနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများသည် စီးပွားရေး ကဏ္ဍများအပြင် နိုင်ငံ ရေး-စစ်‌ရေး အမြင်များ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြားထဲတွင် ပါးနပ်စွာ မည်ကဲ့သို့ လျှောက်လှမ်းမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Real Politics ပါတော့ AA က နယ်မြေဘာညာ အားလုံးသိတာပဲလေ။ လောလောဆယ် နယ်မြေ ဘာညာ ကို ကိုင်ထားတဲ့ သဘောရှိတာကို ဒါ Real Politics ပေါ့။ တစ်ခုရှိတာက ဘာလဲဆိုတဲ့ အခါကျတော့ တစ်ဖက်က ဘာနဲ့လည်း သွားစပ်လဲဆို‌တော့ တရုတ်နဲ့ အိန္ဒိယရဲ့ အနေအထားနဲ့လည်း ဆက်စပ်ပြီး စဉ်းစားရမှာပေါ့နော်။ Local တစ်ခုတည်း စဉ်းစားလို့မရဘူး။ ကုးလားတန်မြစ်ဝှမ်း စီမံကိန်းပေါ့၊ ဒါကလည်း အိန္ဒိယက သူက စီးပွားရေး ပြောတာပေါ့လေ။ တကယ်လည်း စီးပွားရေး ဟုတ်သင့်သလောက် ဟုတ်ပါတယ်။ ဒါပေမယ့် တရုတ်က ဘယ်လို မြင်လဲ ဆိုတာလည်းရှိတယ်။ ကျနော်တို့ အခြေအနေက တော်တော်လေး Sensitive ဖြစ်တဲ့ အခြေအနေ ရောက် နေတာကို ဒီအပိုင်း စဉ်းစားရမှာပေါ့။ တစ်ခုရှိတာက ကုလားတန်မြစ်ဝှမ်း စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်ရဲ့အမြင် က ဘယ်လိုရှိမလဲ အဲ့တာတော့ မပြောတတ်ဘူးပေါ့။ ဒါကလည်း ထည့်စဉ်းစားရမယ့် အချက်ပေါ့။ ဆိုတော့ ပြောချင်တာက နောက်ကွယ်က Security Issues ပေါ့။ အဲဒါ ပါမလား ဆိုတာမျိုးလဲ စဉ်းစားကြမှာပေါ့။ ဒါကတော့ စဉ်းကိုစဉ်းစားကြမှာပဲလေ။ အဆင့်မြင့် နိုင်ငံရေးဆိုတာ ဒါတွေအားလုံး ပါပြီး စဉ်းစားတာကို။ စီးပွားရေး အမြင် တစ်ခုတည်း မဟုတ်ဘူးလေ၊ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ လုံခြုံရေးအမြင် အစစအရာရာ ထည့်စဉ်းစားမှာပေါ့။ ဒီဥစ္စာသည်တစ်ခု အိန္ဒိယအတွက် စီးပွားရေးသပ်သပ်ပဲလား ဆိုတာမျိုးတော့ စဉ်းစားမှာပေါ့။ အဲဒါအပြင် အခြား ဘာရည်ရွယ်ချက်တွေ ရှိနိုင်လဲဆိုတာလည်း တွေးမှာပေါ့ဗျာ။ တွေးကိုတွေးမှာ နည်းနည်းတွေးဝာာနဲ့ များများတွေး တာ ဒါပဲကွာမှာပေါ့။ လိုရင်းတိုရှင်း ပြောရင်တော့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းပေါ်မှာ တရုတ်ရဲ့ သဘောထား ကလဲ ဘယ်လိုရှိမလဲ။ ဗမာက တရုတ်နဲ့ အိန္ဒိယကြားမှာ ဆက်ဆံရေးကို ဘယ်လို လိမ်မာပါးနပ်စွာ လုပ်မလဲဆို တာလည်း စောင့်ကြည့်ရမှာပေါ့” ဟုပြောသည်။

တရုတ်- အိန္ဒိယတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား အကျိုး စီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဥ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့ အပေါ်တွင် အခြေခံထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

ရခိုင်ပြည်နယ်တွင် တရုတ်၏ ကျောက်ဖြူ‌ရေနက်စီမံကိန်း၊ အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ် ၏ နယ်စပ်ကုန်သွယ်ရေးတို့ရှိကြပြီး ပင်လယ်ထွက်ပေါက်လည်း တည်ရှိနေသည်။ 

အိန္ဒိယ- တရုတ် အနေဖြင့် AA ကို အသိအမှတ် မပြုသည်ရှိသော် လက်ရှိ ရခိုင်ပြည်နယ်၏  အချုပ်အခြာအာဏာ ကို AA ကိုင်ထားခြင်းဖြစ်သည့်အတွက် ဆွေးနွေးမှုများ လုပ်ရမည်ဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များ က ထောက်ပြကြသည်။ 

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ သဘောတူထားသည့် ကုလားတန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အစိုးရအနေဖြင့် AA ကို အပြတ်တိုက်မည့် အနေအထားမျိုးသာ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ပထမဦးဆုံး တစ်ချက်ကတော့ AA ပါစရာမလိုဘူးလို့ AA အပေါ်မှာ ယုံကြည်မှု မရှိဘူးလို့ AA မီးတောက် တာဟာ ခဏလေးပဲလို့ အိန္ဒိယဘက်က အထူးသဖြင့် ယူဆထားလို့ ဒီလိုဇာတ်လမ်း ဖြစ်လာတာပေါ့နော်။ အိန္ဒိယ က အချုပ်အခြာအာဏာ မပိုင်တဲ့သူနဲ့ စကားမပြောသလို AA အနေနဲ့ကလည်း ရခိုင်မှာပေါ့နော်၊ ဘယ်တော့မှ အာရက္ခနိုင်ငံဆိုတာ ထူထောင်လို့ရမှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ထားတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆက်လုပ်တာပေါ့နော်၊ ဒါက သေချာပါတယ်။ (အပေးအယူက) မရှိနိုင်ပါဘူး၊ ဒီလိုမျိုး ဒီစီမံကိန်းမှာ သူ့ကို အကျိုးအမြတ် ခံစားခွင့်ပေးပြီးတော့ စိတ်မထင်ရင် မထင်သလို ကိုယ့်ကို ထထလုပ်တဲ့ သူနဲ့ ကတေ့ာ ငြိမ်းချမ်းရေးလုပ်တာဟာ ယာယီပဲ ဖြစ်မယ်။ ထာဝရတည်မြဲလိမ့်မယ် မဟုတ်ဘူး။ ဘယ်သူမှလဲ တပ်မတော် ထောက်ခံတဲ့သူတွေ မြန်မာမျိုးချစ်တွေကလည်း ဒီကိစ္စကို လက်ခံလိမ့်မယ် မဟုတ်ဘူးဆိုတာကို ဒါက သိပ်တိကျတာပေါ့နော်။ တပ်မတော်ကတော့ ဒီနေရာတွေ အပြတ်တိုက်ပစ်မှာပေါ့။ AA ကတော့ ပလက်ဝပါ သူ့ နယ်မြေ လုပ်နေတာလေ။ အဲဒီတော့ လက်ရှိ မြန်မာနိုင်ငံက အစိုးရရဲ့ ဒီလမ်းကြောင်းကြီး တစ်ခုလုံးကို ထိန်းချုပ် နိုင်တဲ့ထိကို အိန္ဒိယက စောင့်ပေးနေမှာပဲလေ”ဟု ပြော‌သည်။

အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(ပလက်ဝ)ကို ဖြတ်သန်းထားသော ကုလားတန်မြစ် ဘက်စုံ စီမံကိန်းကို ၂၀၂၇ ခုနှစ်အကုန်မှာ အပြီးသတ် အကောင်အထည်ဖော်လိုကြောင်း သဘောထားရှိနေသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ကုလာတန်းမြစ် ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ- မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်း စီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းရှိ သူပုန် များ နှိမ်နင်းရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိ အခင်းအကျင်းအရ ကုလားတန်မြစ် စီမံကိန်း ဆက်လက် လုပ်ဆောင်သွားမည်ဆိုလျှင် AA မပါဘဲ မဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အခုလောလောဆယ် အခြေအနေအရတော့ AA မပါဘဲနဲ့တော့ မဖြစ်ဘူး။ ဒါပေမယ့်လည်း AA မပါဘဲနဲ့ AA က နိုင်ငံ‌ကို တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတော့ အမှန်တကယ် ကျတော့ G to G အလုပ်လုပ် ကြမယ်ဆိုရင် အိန္ဒိယနဲ့ မြန်မာနဲ့ ဗဟိုအစိုးရအချင်းချင်း စကားပြောထားတဲ့ကိစ္စကို ပြည်နယ်အစိုးရ ကလည်း အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်ဗျ။ ဒါကတော့ ငြိမ်းချမ်းရေးကာလ တစ်လျှောက်ကို ပြောချင် တာ ဖြစ်ပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေ လွှမ်းမိုးနေတဲ့ အခါကျတော့ အစိုးရအနေနဲ့ရော အိန္ဒိယနဲ့ မြန်မာရဲ့ ပေါ်လစီအနေနဲ့ရော AA အပေါ် ဘယ်လို သဘောထားတယ်ဆိုတဲ့ အပေါ်မှာ အများကြီး မူတည်မယ်လို့ ကျနော်ထင်ပါတယ်။ အစိုးရအနေနဲ့ကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ တာဝန်က ဗဟိုအစိုးရမှာပဲ တာဝန်ရှိပါတယ်‌ တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ဒီလိုမျိုးတွေ အနေနဲ့ ဆွေးနွေးမယ် ပေးထားမယ် ဆိုရင်တော့ နောင်ကိုလည်း တခြားပြည်နယ်များမှာ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ သူတွေ အားလုံးကိုလည်း ဗဟိုအစိုးရ က ပေးရပါလိမ့်မယ်။ အဲဒါဆိုရင်‌တော့ နိုင်ငံတော်အတွက် အခြေအနေက သိပ်မကောင်းနိုင်ဘူး ဖြစ်မှာပါ” ဟု ပြောသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ ဆောက်လုပ်ရေး၊ နိုင်ငံတကာ သင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ်ကို တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင် ကြောင်း သိရသည်။