CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲကြောင့် ကားနှင့် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုင်ငံရေး တည်ငြိမ်မှုရှိလာပါက ကားနှင့်အိမ်ခြံမြေ ဈေးများ ကျသွားနိုင်မလား အားလုံးက စောင့်ကြည့်နေကြသည်။
ရွေးကောက်ပွဲပြီးလျှင် နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းပဋိပက္ခ လျော့နည်းသွားမည်ဆိုသည့် အချက်ပေါ် မူတည်ပြီး အဆမတန် ဈေးမြင့်နေမှုများ ကျသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအရပ်သားအစိုးရကြောင့် ဖြစ်လာနိုင်တဲ့ ကျနော်တို့ ငွေကြေးစီးဆင်းမှုတွေ ကောင်းလာမယ် ဒီပိတ်ဆို့မှု တွေ ကန့်သတ်မှုတွေက အတိုင်းအတာတစ်ခုထိ လျော့သွားမယ် နည်းနည်းကြာလာတာနဲ့အမျှ ပစ်ခတ်တိုက်ခိုက် မှုတွေ လျော့သွားမယ်ဆိုရင် စစ်စာရိတ်တွေ လျော့လာမယ် အဲတော့ insulation က သူ့ဟာသူ ကျလာမယ်ပေါ့။ insulation ကျတယ်ဆိုရင် အလိုအလျောက်ပဲ ကျနော်တို့ ကုန်ဈေးနှုန်း ကျမယ်ပေါ့။ သူက တစ်ခုတော့ ရှိတာပေါ့။ ဝယ်လက်တွေ မရှိဘူးဆိုတာက အဲတာကတော့ ဈေးကွက်နဲ့ သက်ဆိုင်တယ် အခုရက်ပိုင်းမှာ ပြီးခဲ့တဲ့ ဟိုဟာ ဆိုရင် ဝယ်လက် အရမ်းများတယ်။ အခုလည်း ရန်ကုန်မှာ ရောင်းနေရတာပဲပေါ့။ အခု ဒီနယ်က လာတဲ့ သူတွေ ရွှေ့ပြောင်းလာတဲ့ သူတွေက များလာတဲ့ အခါကြတော့ ရောင်းရတယ်လေ။ ဟိုဟာပေါ့ အိမ်ခြံမြေ ဈေးကွက်က ဖြစ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ လုံခြုံသွားတယ် ငြိမ်းချမ်းသွားတယ်ဆိုရင်တော့ ကိုယ့်ဒေသ ကိုယ် ပြန်လာမှာ တချို့လည်း ပြန်မှာပါ ဖြစ်တဲ့အတွက်ကြောင့် အဲခါကြရင်တော့ ဈေးနှုန်း ကျနိုင်ပါတယ်။ သူက ဒီရွေးကောက်ပွဲ ပြီးလာလို့ရှိရင်တော့ ဒီနိုင်ငံတကာ ဖိအားပေါ့။ နိုင်ငံတကာဖိအားနဲ့ ဒီပြည်တွင်းပဋိပက္ခတွေ လျော့နည်းသွားမယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီးတော့ သူက ဒါပြရိပ်သန်းတာပေါ့။ ဒါကတော့ နိုင်ငံရေး တည်ငြိမ်တယ် ဆိုရင်တော့ ဒါသူ့သဘာဝအတိုင်း ဖြစ်တာပေါ့”ဟု ပြောသည်။
ငလျင်ဘေးကြောင့် နေအိမ်များ ပျက်စီးသွားစဉ်
မြန်မာနိုင်ငံတွင် ဦးသန်းရွှေ လက်ထက်က ကားနှင့် အိမ်ခြံမြေ အပါအဝင် တယ်လီဖုန်းများသည် ဈေးနှုန်း အဆမ တန် မြင့်တက်နေရာမှ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးသိန်းစိန် အစိုးရ တက်လာသည့်အခါမှာ တော့ ကား၊ အိမ်ခြံမြေ၊ တယ်လီဖုန်း ဈေးနှုန်းများသည် ထိုးကျသွားခဲ့သည်။
စီးပွားရေးအရ နိုင်ငံတကာ ဆက်ဆံမှုနှင့်ဆိုင်ပြီး ပြည်သူလူထုများ၊ ပြည်ပကလူများ စီးပွားရေး ပတ်ဝန်းကျင်ကို အကောင်းမြင်ရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲဒါက သူစီးပွားရေးအရ နိုင်ငံတကာ ဆက်ဆံမှုနဲ့လည်း ဆိုင်တာပေါ့။ နိုင်ငံတကာ ဆက်ဆံမှုနဲ့ဆိုင်တာ မဟုတ်ဘူး ဆိုင်ကိုဆိုင်တာပေါ့။ နောက်တစ်ခုက ဒီမြန်မာပြည်ရဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို ပြည်ပက ဗမာ ပြည်ထဲက လူတွေရဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲပေါ့။ ဘယ်လိုခေါ်မလဲပေါ့။ ကျော်လွှားလို့ မရတဲ့ ကိစ္စပေါ့။ ဒီအမြင်ကောင်းဖို့ လိုတာပေါ့။ ဟိုဘယ်လို ခေါ်မလဲ ကားပါမစ်တွေ ပိတ်ထားတာလည်း မှားတယ်လို့ တော့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အခြေအနေအရ တိုင်းပြည်မှာလဲ ဒေါ်လာ လိုနေတာကို ဒေါ်လာ outflow ဖြစ်သွားလို့မှ မရဘဲကို ဒီသဘောတွေလည်း ပါမှာပေါ့။ ဝယ်လိုအားက ပုံမှန်ရှိနေတာလေ ပုံမှန် ရှိတဲ့ ဝယ်လိုအားကို ဖိတဲ့အခါကြတော့ စျေးတက်တာပေါ့။ အခုလောလောဆယ်တော့ ရုတ်တရက်ကြီး တအား ကြီး ထိုးကျသွားဖို့တော့ မဖြစ်နိုင်သေးဘူးပေါ့။ ဦးသိန်းစိန် လက်ထက်က ဖြစ်တယ်ဆိုတာက အားလုံးပေါ့ စီးပွား ရေး ပတ်ဝန်းကျင်ကို နိုင်ငံတကာကကော ပြည်တွင်းကကော အကောင်းမြင်တာပေါ့။ စီးပွားရေး ပတ်ဝန်းကျင်မှာ အကောင်းဖြစ်လာတဲ့ အခါကျတော့ ကျန်တာတွေ အကုန်လုံးက သူဟာသူ ကျသွားတာပေါ့ စျေးကဒါပါဘဲ”ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအား ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် တော်လှန်မှုများ ဖြစ်လာကာ နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။
အဆိုပါ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကား၊ အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ၊ လူသုံးကုန်၊ ဆေးဝါး၊ ကုန်စည်၊ အိမ် ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း စသဖြင့် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။