CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၆
အမေရိကန်တွင် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ် ကို ကူညီပေးရန် ဝါရှင်တန်ပြည်နယ်၌ ဖြန့်ကြက်ချထားခဲ့သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၄ ရက်မှစပြီး လက်နက်များကို စတင်ကိုင်ဆောင် နေပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အများစုသည် တာဝန်ထမ်းဆောင်ရန် ထုတ်ပေးထားသည့် M17 ပစ္စတိုများကို ကိုင်ဆောင်သွားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင် အနည်းငယ်သည် M4 ချေမှုန်းရေး ရိုင်ဖယ်များကို ကိုင်ဆောင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင်များ အနေဖြင့် အသက်အန္တရာယ်နှင် ရင်ဆိုင်ရသည့်အချိန် သို့မဟုတ် ဒဏ်ရာ အပြင်းအထန် ရနိုင်သည့် အခြေအနေမျိုးတွင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ထိုလက်နက်များကို အသုံးပြုခွင့် ပေးထားသည်ဟု အမျိုးသားအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဘေးကင်းလုံခြုံရေးအတွက် လက်နက်များ ကိုင်ဆောင်မည်ဖြစ်ပြီး ဝါရှင်တန်တွင် ဒုစရိုက်မှုများကို နှိမ်နင်းရန် တာဝန်ပေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဩဂုတ် ၂၄ ရက်က ဝါရှင်တန်ဒီစီရှိ တရုတ်တန်းတွင် ကင်းလှည့်နေသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အချို့ကို မြင်တွေ့ရပြီး MP ဆိုသည့် တံဆိပ်များကို ဝတ်ဆင်ထားကြောင်း၊ အဓိပ္ပာယ်မှာ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ (စစ်ရဲ) အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) က ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ကို လက်နက်များ စတင်ကိုင်ဆောင်ရန် ဩဂုတ် ၂၂ ရက်ကတည်းက အမိန့်ထုတ်ပြန်ခဲ့သည်။
ယခင်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဘေးကင်းလုံခြုံစွာ ကင်းလှည့်မှုများ၊ ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးနှင့် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုပေးခဲ့ချိန်တွင် လက်နက်များ ကိုင်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။
ဝါရှင်တန်တွင် စာသင်နှစ် အသစ်စတင်ချိန်တွင် မြို့ပြနေရာများ၌ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ပေးရန် ဒေသခံရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟက်ဆက်၏ အမိန့်နှင့်အတူ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး နှစ်စဉ် လက်နက်များကို စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း အမေရိကန်ကြည်းတပ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ