CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂၈

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ဖြန့်ကြက်ချထားသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဝါရှင်တန် ဒေသခံများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲများက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့ပြင် ဝါရှင်တန် ဒေသခံများကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေပြီး ထိုကဲ့သို့ ထိခိုက်ခဲ့သည့် ဆက်ဆံရေး များကို အနာဂတ်တွင် ပြန်လည်ထူထောင် ရမည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

“ဒီကိစ္စကြီး ပြီးသွားတာနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးတွေကို ပြန်လည် တည်ဆောက်ရပါမယ်။ အဲဒီအတွက် ကျနော် အသင့်ပြင်ထားပါတယ်။ ခက်ခဲလာမယ့် ဆက်ဆံရေးတွေအတွက် ပြင်ဆင်ထားပါတယ်။ ကျနော်တို့က ရမ်းကာတဲ့လူတွေကို လမ်းပေါ်က ဖယ်ရှားရှင်းလင်းနေတာ ဖြစ်ပေမယ့် ပေးဆပ်ရတာတွေလည်း ရှိပါတယ်”ဟု အမှတ် ၆ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဂျာရွန် ဟစ်မန်း (Jaron Hickman) က ပြောကြားခဲ့သည်။

ဝါရှင်တန်မြို့ထဲတွင် ကျောင်းသားများသည် စာသင်နှစ် ပြန်လည် စတင်ပြီဖြစ်သဖြင့် သွားလာလှုပ်ရှားမှုများ များပြားနေချိန်၌ ဒေသခံများသည် ဖက်ဒရယ်လုံခြုံရေးအရာရှိများ၏ စောင့်ကြည့်ခံနေရသည့် အခြေအနေကို စိတ်ပျက်နေကြကြောင်း လူမှုမီဒီယာများ၌ ရေးသားနေကြသည်။

အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ဟစ်မန်းနှင့်အတူ အမှတ် ၇ ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဂျိမ်းစ် ဘော့တယ်လာ (James Boteler) တို့သည် Anacostia Community ကောင်စီတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဒေသခံ ၅၀ ခန့်နှင့် စကားပြောဆို ခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် ဘော့တယ်လာကလည်း ၎င်း၏ ခံစားချက်ကို ပြောကြားခဲ့သည်။

“ကျနော့်မှာလည်း ကိုယ်ပိုင် ခံစားချက်ရှိပါတယ်။ ကျနော်က ပါတီစွဲမရှိပါဘူး။ အမေရိကန်သမ္မတ ဘယ်သူပဲ ဖြစ်နေပါစေ၊ ကျနော်က နေ့တိုင်း တာဝန်ထမ်းဆောင်ရပါတယ်။ ဒေသခံတွေရဲ့ ခံစားချက်ကိုလည်း ကျ‌နော်တို့ နားလည်ပါတယ်”ဟု ဘော့တယ်လာက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အမေရိကန်တွင် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် အတွက် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်များကို ဖြန့်ကြက်ချထားရန် အမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ထိုအမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၄ ရက်မှစပြီး လက်နက်များကို စတင်ကိုင်ဆောင်ခဲ့ကြသည်။

ထို့နောက် တပ်ဖွဲ့ဝင် အများစုသည် M17 ပစ္စတိုများကို ကိုင်ဆောင်သွားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင် အနည်းငယ်သည် M4 ချေမှုန်းရေး ရိုင်ဖယ်များအား ကိုင်ဆောင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

Source: အေပီ