CNI International News

ကိုလံဘို၊ ဩဂုတ် ၂၈

သီရိလင်္ကာတရားရုံးက နိုင်ငံပိုင်ဘဏ္ဍာငွေများကို အလွဲသုံးမှုစွဲချက်ဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခံ ခဲ့ရသည့် သမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီ (Ranil Wickremesinghe)အား ဩဂုတ် ၂၆ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အသက် ၇၆ နှစ်အရွယ် ဝီကရီမီဆင်းဟီသည် ဆေးရုံတင်နေချိန်တွင် ဗွီဒီယိုဆက်သွယ်မှုဖြင့် တရားရုံး၏ ကြားနာစစ်ဆေးမှုကို ခံယူခဲ့သည်။

၎င်း၏ ယူနိုက်တက်နေရှင်နယ်ပါတီ (UNP) က ဝီကရီမီဆင်းဟီသည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံ တင်ထားရကြောင်း ပြောကြားခဲ့သည်။

တရားရုံးတွင် ကြားနာစစ်ဆေးမှု မပြုလုပ်မီ ဝီကရီမီဆင်းဟီကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများက တရားရုံး အပြင်ဘက်တွင် စုရုံးခဲ့ကြကာ ရဲတပ်ဖွဲ့ကမူ တရားရုံး အဆောက်အအုံကို အတားအဆီးများဖြင့် ကာရံထားခဲ့သည်။

 သီရိလင်္ကာသမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီကို တွေ့ရစဉ်

“ဒါက ကျနော်တို့ တရားရေးစနစ်ရဲ့ လွတ်လပ်မှုရှိတဲ့ လက္ခဏာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီကို ထောက်ခံတဲ့ အနေနဲ့ ရောက်ရှိလာကြတာပါ။ အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆက်လက် လုပ်ဆောင်သင့်ပါတယ်။ ကျနော်တို့ ကန့်ကွက်မှာ မဟုတ်ပါဘူး”ဟု UNP ပါတီ၏ ဒုတိယအတွင်းရေးမှူး အကီလာ ဗီရာ့ဂျ် ကာရီယာဝါဆမ် (Akila Viraj Kariyawasam) က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဝီကရီမီဆင်းဟီသည် အပြစ်မရှိကြောင်းနှင့် ၎င်းအား စွပ်စွဲမှုများသည် နိုင်ငံရေးသဘော သက်ဝင်နေကြောင်း UNP ပါတီက ပြောကြားခဲ့သည်။

သီရိလင်္ကာတွင် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရချိန်၌ ဝီကရီမီဆင်းဟီသည် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ချိန်အတွင်း ပြည်ပခရီးစဉ် ၂၃ ခု သွားရောက်ခဲ့သည်။

ထိုခရီးစဉ်များအတွက် ဒေါ်လာ ၂ သန်းကျော် ကုန်ကျခဲ့သဖြင့် နိုင်ငံပိုင်ဘဏ္ဍာကို အလွဲသုံးခဲ့မှုဖြင့် စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။

Source: CAN