CNI News
၂၀၂၅ ခုနှစ်၊ ဇူလိူင် ၈
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက sanction ပိတ်ဆို့ခံထားရမှုကို ဖြေလျှော့အောင် လုပ်နိုင်လျှင် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ အပါအဝင် ILO တို့က စီးပွားရေးပိတ်ဆို့ထား သည်။
ထို့နောက် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသလို စီးပွားရေး ကျဆင်းကာ ကုန်ဈေးနှုန်းများ မြင့်တက်မှု ဒဏ်ကို ပြည်သူလူထုက ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ထိုးကျခြင်းသည် sanction ကြောင့်ဖြစ်ပြီး sanction မရှိတော့ဘူးဆိုပါက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ပိုများလာမည်ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံက စီးပွားရေး ထိုးကျတယ်ဆိုတာသည် sanction ကြောင့် sanction က အရပ်သားအစိုးရ ဖြစ်လာ ရင် ဒီ sanction က ရုတ်သိမ်းပေးလိုက်မှာပဲလေ sanction မရှိတော့ဘူးဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပိုများ လာမှာပေါ့နော် ရွေးကောက်ခံအစိုးရ ဖြစ်လာပြီဆိုလို့ရှိရင် နိုင်ငံတကာ ယုံကြည်မှုက ရှိလာမှာပေါ့နော်။ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက လာမယ့် ၂၀၂၅ ရွေးကောက်ပွဲပေါ်မှာ မူတည်ပြီးတော့ စောင့်ကြည့်နေတာ အဲတော့ ရွေးကောက် ပွဲပြီး လာလို့ အရပ်သားအစိုးရပေါ်လာရင် ဒါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက လာမှာပဲ သေချာတယ်ဗျ။ အဲလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာပြီဆိုလို့ရှိရင် တိုင်းပြည်က စီးပွားရေးက ဖွံ့ဖြိုးတိုးတက်တော့မှာပေါ့။ လက်ရှိထက်တော့ ဖွံ့ဖြိုးမှာ သေချာတာပေါ့”ဟု ပြောသည်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကိုတွေ့ရစဉ်
ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုနှင့် ပူပေါင်းဆောင်ရွက်မှုများ လုပ်မည်ကို ကြိုဆိုပြီး ရေရှည်အသုံးပြုလို့ရမည့်စီမံ ကိန်းများ၊ တဒင်္ဂအသုံးပြုပြီး တိုင်းပြည်ဘဏ္ဍာများကုန်ဆုံးသွားလျှင် တိုင်းပြည်တွက်နစ်နာတာများဖြစ်သည် ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနကိုပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံသည့်အခါမှာ တဒင်္ဂအသုံးပြု၍ရသော စီမံကိန်းများဖြစ်ပါက တိုင်းပြည်ဘဏ္ဍာများ ကုန်ဆုံး၍ နစ်နာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ ရေရှည်စီမံကိန်းများဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုနဲ့ သဘောတူညီမှုတွေ ရလာခဲ့တယ်။ ပူပေါင်းဆောင်ရွက်မူတွေ လုပ်မယ် ဆိုတာကို အပြုသဘော ဆောင်တာဖြစ်တဲ့အတွက် ကြိုဆိုရမယ်။ မီးရထားစက်ရုံတွေရော၊ ရှယ်ယာတွေက နိုင်ငံ အတွက်လည်း တကယ်လိုအပ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ အရေးကြီးတဲ့ အပိုင်းတွေ ဖြစ်တဲ့အတွက် လက်ခံရမယ်။ ဝိုင်းအားပေးရဖို့ရှိတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက ယေဘုယျအားဖြင့် အကြမ်းဖျင်းတော့ သိလိုက်ရပြီ။ ဘယ်လို အပိုင်းတွေကို ပူးပေါင်း ဆောင်ရွက်မလဲဆိုတာကို ထည်ထည်ဝင်ဝင် သိဖို့လိုအပ်တယ်။ ချပြလို့ရတဲ့ အပိုင်းလေးတွေကို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ချပြပြီး တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းလာမှာလား သို့မဟုတ်လို့ရှိရင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ၁ နှစ်ကို မြို့ပတ်ရထားတွေမှာ သွားလာနေတဲ့ တွဲဆိုင်းအဟောင်းတွေ အစားအသစ်တွေ ဘယ်လိုအစားထိုးပြီး လုပ်ပေး နိုင်မှာလဲ တစ်ခုပြန်စဉ်းစားရမှာရှိတာပေါ့”ဟု ပြောသည်။
အခြေခံလူတန်းစားများကို တွေ့ရစဉ်
မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် နစကသည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသလို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။
တရုတ်၊ ရုရှား၊ ထိုင်း၊ စင်္ကာပူ တို့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းက ရေနက်ဆိပ်ကမ်းစီမံကိန်းများနှင့် ရေနံ တူးဖော်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း သိရသည်။
တခြား တစ်ဖက်မှာလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး ကျဆင်းမှုကို ပြန်လည် ကုစားနိုင်ရေး အတွက် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲ ကျင်းပ၍ အစိုးရ သစ်တစ်ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။