CNI International News
ဝါရှင်တန်၊ ဇူလိုင် ၄
အမေရိကန်နှင့် ဗီယက်နမ်ကြား ကုန်သွယ်ခွန် ကောက်ခံမှုဆိုင်ရာ ဆွေးနွေးမှုများတွင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ဗီယက်နမ်မှ တင်သွင်းသည့် ကုန်စည်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဧပြီလက ထရမ့်သည် ဗီယက်နမ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်စည်များအပေါ် အခွန် ၄၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ပြီး ထိုကဲ့သို့ ကုန်သွယ်ခွန် တိုးမြှင့်မှုသည် ဇူလိုင် ၉ ရက်တွင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။
သို့သော် လက်ရှိ သဘောတူညီချက်အရ ဗီယက်နမ် ကုန်စည်များအပေါ် ၂၀ ရာခိုင်နှုန်းသာ ကောက်ခံတော့ မည်ဖြစ်ပြီး ဗီယက်နမ်ဘက်က အမေရိကန်၏ ကုန်စည်များအပေါ် အခွန်ကောက်ခံလိမ့်မည် မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ဂျပန် အပါအဝင် အခြားနိုင်ငံများသည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှု အသက်ဝင်မလာမီ အမေရိကန်နှင့် သဘောတူညီချက်များ ရရှိရန် အပူတပြင်း လုပ်ဆောင်နေ ကြသည်။
ဗီယက်နမ်ကို ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“ဒါက ကျနော်တို့ နှစ်နိုင်ငံကြား ကြီးမြတ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ဖြစ်လာပါလိမ့်မယ်။ အပြန်အလှန်အနေနဲ့ ဗီယက်နမ်ကလည်း အရင်တုန်းက တစ်ခါမှ မလုပ်ဘူးတဲ့အရာကို လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒါကတော့ ကုန်သွယ်ရေးအတွက် အမေရိကန်ကို သူတို့ရဲ့ စျေးကွက်တွေထဲ အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ပေးရမှာပါ။ သဘောကတော့ ဗီယက်နမ်ကို တင်ပို့တဲ့ ကျနော်တို့ရဲ့ ပို့ကုန်တွေဟာ အခွန်ဆောင်စရာမလိုဘဲ ရောင်းချနိုင်တော့မှာပါ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်များကို ကုန်စည်များကို ထုတ်လုပ်သော ကုမ္ပဏီများထက် ဝယ်ယူသည့် ကုမ္ပဏီကသာ အများဆုံး ပေးဆောင်ရလေ့ရှိသည်။
အမေရိကန်ကို တင်ပို့သည့် ဗီယက်နမ်၏ ပို့ကုန် စုစုပေါင်း၏ ၃ ပုံ ၁ ပုံသည် ဗီယက်နမ်ကို တင်ပို့ခဲ့သော တရုတ်၏ ထုတ်ကုန်များဖြစ်သည်ဟု ထရမ့်၏ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပီတာ နာဗာရို (Peter Navarro) က ပြောကြားခဲ့သည်။
Source: South China Morning Post