CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၃

အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများကို အလောတကြီး လုပ်ဆောင်မည် မဟုတ်သော်လည်း ရုရှားနှင့်အီရန်၏ ရေနံရောင်းဝယ်မှု အကြောင်းများကိုပါ ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ခွန် ကောက်ခံမှုကို ဆိုင်းငံ့ထားသည့်ကာလ သက်တမ်းမကုန်မီ လာမည့်လ အတွင်း သင့်တော်သည့် နေရာတစ်ခုတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။

ထိုဆွေးနွေးမှုအတွင်း ရုရှားနှင့် အီရန်၏ ရေနံများကို တရုတ်က ဝယ်ယူနေသော အကြောင်းကိစ္စကိုလည်း ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ဘက်ဆန့်က CNBC ရုပ်သံလိုင်းနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။

"ကုန်သွယ်ရေးက ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ အခုဆိုရင် အခြား အကြောင်းအရာတွေကိုလည်း ဆွေးနွေးလို့ရပြီလို့ ကျနော် ထင်ပါတယ်" ဟု ဘက်ဆန့်က ပြောကြားခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်နှင့် တရုတ်ဒုဝန်ကြီး ဟီလိုင်ဖန်းကို တွေ့ရစဉ်

ထို့ပြင် ကုန်သွယ်ရေး သဘောတူညီချက်၏ စံချိန်စံညွှန်းများကို အချိန်မီ ရရှိနိုင်ခြေ ရှိ၊ မရှိကို အမေရိကန်အစိုးရက စိုးရိမ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ကုန်သွယ်ခွန်များကို အပြန်အလှန် တိုးမြှင့်ကောက်ခံခဲ့ပြီးနောက် ဧပြီနှင့် မေလများတွင် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။

သို့သော် ဂျီနီဗာနှင့် လန်ဒန်မြို့များတွင် ဘက်ဆန့်နှင့် တရုတ်ဒုဝန်ကြီး ဟီလိုင်ဖန်း (He Lifeng) တို့ကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ခွန် တိုးမြှင့်မှုများကို ဩဂုတ် လလယ်ပိုင်းအထိ ဆိုင်းငံ့ခဲ့ပြီး ကုန်သွယ်ခွန်များ လျှော့ချရေးအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

South China Morning Post