CNI International News
ဘေဂျင်း၊ ဇူလိုင် ၂၅
တရုတ်သည် တိဘက်ကုန်းပြင်မြင့်တွင် ကြီးမားသည့် ရေကာတာ တည်ဆောက်ရန် စီစဉ်နေပြီး အိမ်နီးချင်းနိုင်ငံ များကို လျှပ်စစ်ဓာတ်အားများ ရောင်းချကာ စီးပွားရေးအား မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ယာလန် တီဆန်ပို (Yarlung Tsangpo) မြစ်ပေါ်တွင် တည်ဆောက်မည့် ထိုရေကာတာသည် ကမ္ဘာ့အကြီးဆုံး ရေကာတာဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ထိုရေကာတာမှ ရေအားလျှပ်စစ်ကို တစ်နှစ်လျှင် ၃၀၀ ဘီလျံ ကီလိုဝပ်နာရီအထိ ထုတ်လုပ်နိုင်ဖွယ်ရှိသည်။
ထိုပမာဏသည် တရုတ်၏ Three Gorges (ချောင်းသုံးခွ)ရေကာတာမှ ထုတ်လုပ်သည့် ရေအားလျှပ်စစ် ပမာဏထက် ၃ ဆ ပိုမိုများပြား မည်ဖြစ်သည်။
ယာလန် တီဆန်ပိုမြစ်ကို တွေ့ရစဉ်
ထိုရေအားလျှပ်စစ် ထုတ်ယူမှုသည် ပြည်ပနိုင်ငံများ၏ လျှပ်စစ်ဓာတ်အား ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရုံ သာမက တိဘက်ဒေသ၏ လျှပ်စစ်ဓာတ်အား ဝယ်လိုအားကိုလည်း ဖြည့်ဆည်းနိုင်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သို့သော် ထိုရေကာတာ စီမံကိန်းကို မြစ်အောက်ဘက်ရှိ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက စိုးရိမ်နေကြသည်။
ထိုရေကာတာ တည်ဆောက်မှုကြောင့် မြစ်ရေစီးဆင်းမှုနှင့် ဂေဟစနစ်အတွက် အန္တရာယ်ရှိမည့် အရေးကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က ပူပန်နေကြခြင်းဖြစ်သည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ထို ယာလန် တီဆန်ပို (Yarlung Tsangpo) မြစ်ကို ဗြဟ္မစရိယ(Brahmaputra) မြစ်ဟု လူသိများကြသည်။
ယာလန် တီဆန်ပိုမြစ်ကို တွေ့ရစဉ်
တရုတ်ကမူ ထိုရေကာတာ တည်ဆောက်ခြင်းသည် အိမ်နီးချင်း နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် အိန္ဒိယသည် တောင်အာရှတွင် ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေသည့် တရုတ်၏ အားထုတ်ကြိုးပမ်းမှု များကို စိုးရိမ်နေသည်။
တရုတ်လေ့လာသူများကမူ ထိုရေကာတာ စီမံကိန်းသည် နီပေါ၊ ဘူတန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အပါအဝင် အိမ်နီးချင်း နိုင်ငံများ၏ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုစီမံကိန်းသည် တရုတ်၏ အိမ်နီးချင်း နိုင်ငံများအတွက် အဓိက စွမ်းအင်ဆုံချက် ဖြစ်လာမည်မှာ ကျိန်းသေ ပေါက် သေချာကြောင်း နန်ကျင်းတက္ကသိုလ် (Nanjing University) ၏ နိုင်ငံတကာလေ့လာရေးကျောင်းမှ ကျောင်းအုပ်ကြီး ကျူးဖန်း (Zhu Feng) က ပြောကြားခဲ့သည်။
Source: South China Morning Post