CNI International News

နယူးဒေလီ၊ ဇူလိုင် ၁၄

တရုတ်သည် တိဘက်ကုန်းပြင်မြင့်တွင် အလွန်ကြီးမားသည့် ရေကာတာတစ်ခု တည်ဆောက်ရန် စီစဉ်နေမှုကို အိန္ဒိယက စိုးရိမ်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုစီမံကိန်းက Yarlung Tsangpo(ရာလန်း တီ ဆန်ပို) မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်ကာ Three Gorges ရေကာတာ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအား ၃ ဆမြှင့်တင်ရန် ပြင်ဆင်နေသည်။

သို့သော် မြစ်အောက်ဘက်ပိုင်းတွင် တည်ရှိသည့် အိန္ဒိယနိုင်ငံ၌ နိုင်ငံရေးသမားများက တရုတ်၏ ရေကာတာ စီမံကိန်းကို စိုးရိမ်နေကြသည်။

ထိုရေကာတာသည် မုတ်သုန်ကာလတွင် ရေလွှမ်းမိုးမှုများကို ပိုမိုဆိုးရွားစေနိုင်ပြီး ခြောက်သွေ့သည့် ရာသီများ၌ မြစ်ရေစီးဆင်းမှု နည်းပါးလာနိုင်ကြောင်း အိန္ဒိယနိုင်ငံရေးသမားများက ယူဆနေကြသည်။

တရုတ်အစိုးရသည် ထိုစီမံကိန်းကို တည်ဆောက်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သည်။

ထို့နောက် ထိုစီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည်။

တိဘက်ကုန်းမြင်ဒေသရှိ မြစ်ကြောင်းကို တွေ့ရစဉ်

ဟိုဟိုင်း တက္ကသိုလ် ( Hohai University) နှင့် တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ပူးတွဲလေ့လာမှုတွင် Yarlung Tsangpo မြစ်အပေါ် ထိုစီမံကိန်း၏ သက်ရောက်မှုသည် အိန္ဒိယ၏ စိုးရိမ်ပူပန်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမြစ် အထက်ပိုင်းတွင် ယခင်ကတည်းက Zangmu(ဇန်မူ)နှင့် Jiacha(ကျာချာ) အမည်ရှိ ကြီးမားသည့် ရေကာတာ ၂ ခု တည်ဆောက်ခဲ့သော်လည်း ခြောက်သွေ့သည့် ရာသီ၌ ရေခမ်းခြောက်မှု မရှိကြောင်း လေ့လာ တွေ့ရှိရသည်ဟု တရုတ်ဘက်က ရှင်းလင်းထားသည်။

ဖေဖော်ဝါရီလအတွင်း မြစ်ရေစီးဆင်းမှုများသည် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း တရုတ်က ပြောကြားခဲ့သော်လည်း အိန္ဒိယကမူ ထိုရေကာတာများသည် မြစ်ရေအများအပြားကို သိမ်းဆည်းထားနိုင်သဖြင့် မိုးခေါင်မည့်အရေးအား စိုးရိမ်နေခြင်းဖြစ်သည်။

ထို့ကြောင့် အိန္ဒိယသည် သံတမန်နည်းလမ်းအရ ၎င်းတို့၏ စိုးရိမ်ပူပန်မှုအား တရုတ်ကို အသိပေးခဲ့သော်လည်း တရုတ်ကမူ ထိုရေကာတာသည် နိုင်ငံတော်အဆင့် စွမ်းအင်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post