CNI International News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆

တိဘက်ဒေသတွင် တည်ဆောက်ရန် စီစဉ်နေသည့် တရုတ်၏ အကြီးစား ရေကာတာစီမံကိန်းသည် ခြောက်သွေ့ ရာသီ၌ မြစ်ရေစီးဆင်းမှုကို ၈၅ ရာခိုင်နှုန်းအထိ လျော့ကျသွားဖွယ် ရှိနေသည့် အခြေအနေကို အိန္ဒိယက စိုးရိမ်နေ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရသည် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများကတည်းက တိဘက်ဒေသရှိ Angsi ရေခဲမြစ်မှ ရေများ ကို ထိန်းချုပ်ရန် စီမံကိန်းများအား စဉ်းစားခဲ့သည်။

သို့သော် ရေကာတာများကြောင့် ရေကြီးရေလျှံမည့် အရေးကို စိုးရိမ်နေသည့် အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ဒေသမှ ဒေသခံများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း၊ ဆူပူအုံကြွမှုများ ပြုလုပ်ခြင်းတို့ကြောင့် အိန္ဒိယ၏ ရေကာတာ အစီအစဉ်များသည် အောင်မြင်ခဲ့ခြင်း မရှိပေ။

ထိုရေခဲမြစ်မှ ရေများသည် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ လူပေါင်း သန်း ၁၀၀ ကျော်ကို မြစ်ရေ အထောက်အပံ့ ပေးနိုင်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်မူ တရုတ်က အိန္ဒိယကို စီးဆင်းနေသည့်  Yarlung Zangbo မြစ်ညာတွင် ကမ္ဘာ့ အကြီးဆုံး ရေအားလျှပ်စစ် ထုတ်မည့် ရေကာတာ ဆောက်လုပ်သွားမည်ဟု ကြေညာခဲ့သည်။

ထို့ကြောင့် အိန္ဒိယသည် ၎င်း၏ မဟာပြိုင်ဘက်ဖြစ်သည့် တရုတ်က မြစ်ရေစီးဆင်းမှုကို လက်နက်တစ်ခုသဖွယ် အသုံးချလာမည့် အရေးကို စိုးရိမ်လာခဲ့သည်။

တောင်သူတစ်ဦးကိုတွေ့ရစဉ်

ထိုမြစ်သည် Angsi ရေခဲမြစ်မှ စတင် စီးဆင်းခြင်းဖြစ်ပြီး အိန္ဒိယတွင် Siang နှင့် Brahmaputra မြစ်ဟု လူသိ များသည်။ Siang သည် Brahmaputra မြစ်၏ မြစ်ညာပိုင်းဖြစ်သည်။

မေလက အိန္ဒိယ၏ အကြီးဆုံး ရေအားလျှပ်စစ်ကုမ္ပဏီက Upper Siang Multipurpose Storage Dam အမည်ရှိ ရေကာတာ တည်ဆောက်မည့် နေရာတွင် ရဲတပ်ဖွဲ့၏ လုံခြုံရေးဖြင့် လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ထိုရေကာတာသည် တည်ဆောက် ပြီးစီးသွားမည်ဆိုပါက အိန္ဒိယ၏ အကြီးဆုံးရေကာတာ ဖြစ်လာမည်ဖြစ်သည်။

အိန္ဒိယထိပ်သီး အရာရှိများကလည်း ထိုရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းများကို ယခုနှစ်အတွင်း အရှိန်မြှင့် တင်ရန် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

တရုတ်ကမူ ၎င်းတို့တည်ဆောက်မည့် ရေကာတာ စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း အိန္ဒိယအစိုးရနှင့် ဆက်နွှယ်သည့် အင်စတီကျူးရှင်းများ၏ လေ့လာချက်တွင်မူ တရုတ်၏ ရေကာတာစီမံကိန်းသည် ဒေါ်လာ ၁၇၀ ဘီလျံနီးပါး ကုန်ကျလိမ့်မည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။

Source: ရိုက်တာ