CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို ကိုင်တွယ်ရန်အတွက် အသစ်ထုတ်ပြန် လိုက်သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်လိုက်မှုကြောင့် ပြည်သူများသည် အကြောက်တရားများအောက်က မိမိဆန္ဒမပါဘဲ ပါဝင်ပေးရမည့် အခြေအနေသို့ ရောက်ရှိလျက် ရှိနေသည်ဟု KNU က ထုတ်ပြန်ခဲ့သည်။
KNU က “ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် ASEAN ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ရန် မျက်ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောာင် ရွေး ကောက်ပွဲသာဖြစ်ပြီး နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတား ဖြစ်စေမည်ဖြစ်သည်”ဟု ပြောသည်။
KNU ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က ကြီးမှူး ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ သည် ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိခြင်းနှင့် လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က (လုံးဝ)လက်မခံပါဟု ထုတ်ပြန်ခဲ့သည်။
KNU က “ ဤရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိ နိုင်ငံ ရေး အကျပ်အတည်း၏ အဖြေမဟုတ်ပါ။ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန် လာစေရုံ သာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက် ဖြစ်ပေါ်လာစေမည်”ဟု ပြောသည်။
ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံရေးအဖြေကို ဦးတည်သော အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံမှုက ရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲပြဋ္ဌာန်းအတည်ပြုမည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲသည်သာလျှင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာ နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများ အဆံးသတ်နိုင်မည်ဟု KNU အနေဖြင့် အပြည့်အဝ ယုံကြည်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
KNU ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့နောက် စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲကို ကရင်အမျိုးသားပြည်သူလူထုများ၊ ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး အင်အားစုများ အပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားရန် တိုက်တွန်းသည်ဟု KNU မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် NLD ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ လက်နက်ကိုင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီတချို့ တို့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြုတ်ချရန် ကြိုးပမ်းခဲ့ သည်။
ထိုအထဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)လည်း ပါဝင်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KNU ကြား ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။