CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)တွင် မှတ်ပုံတင် ကျထားသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မိမိတို့ အစိုးရ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဖြစ်သည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့နောက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လျော့နည်းပပျောက်ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ပူေးပါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဒီမို ကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိရန်လိုကြောင်း၊ တည်ငြိမ်အေး ချမ်းမှုရရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်။ လက်ရှိ တက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံ ယုံကြည်သည့် သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချ နိုင်ရန်လိုကြောင်း။ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လိုသည်”ဟု ပြောသည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေ ဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်း ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ် ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအ ရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စားရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမို တိကျ မှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ် မနေ ဆောင်ရွက်သင့်သည့် နိုင်ငံတကာ စံနှုန်းတစ်ခုဖြစ်ကြောင်း။ ထိုသို့ ဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုသည် “ဟု ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး PR စနစ်ကျင့်သုံးရေး နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင် အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ် အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်။ နိုင်ငံ ရေးပါတီများအနေဖြင့် တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ပေးသွားကြရန်လိုသည်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲသို့ နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများနှင့် ဒုဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။