CNI International News
ဘေဂျင်း၊ ဩဂုတ် ၂၆
ကျိုးအမည်ရှိ မိန်းကလေးသည် အသက် ၁၉ နှစ်အရွယ် ဟူအန်ဆိုသော ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ တစ်ခုထံသို့ အမေရိကန်ဒေါ်လာ ၄၈,၀၀၀ (ယွမ် ၁၀၀,၀၀၀)ဖြင့် ရောင်းစားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့နောက် အသက် ၁၇ နှစ်အရွယ် ကျိုးဆိုသော မိန်းကလေးကို တရုတ်နိုင်ငံ၏ တရားရုံးက အမှုဖွင့်၍ ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရောင်းစားခံခဲ့ရသည့် ဟူအန် အမည်ရှိ ဆယ်ကျော်သက် ကောင်လေး၏ မိသားစုက ကျားဖြန့်ဂိုဏ်းကို ယွမ် ၃၅၀,၀၀၀ ပေးခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းက ကျားဖြန့်ဂိုဏ်းက ဟူအန်ကို ပြန်လွှတ်ပေးခဲ့သည်။
ဟူအန်သည် ထိုကျားဖြန့်စင်တာတွင် ၄ လနီးပါး ထိန်းသိမ်းခံခဲ့ရပြီး မကြာခဏ နှိပ်စက်ခံခဲ့ရသဖြင့် နားလေး သွားခဲ့သည်ဟု ဆိုသည်။
ကျားဖြန့်ဂိုဏ်းကနေ လွှတ်မြောက်လာတဲ့ ဟူအန်ကို တွေ့ရစဉ်
ဟူအန်၏ အစ်မဖြစ်သူက ထိုအကြောင်းအရာကို အွန်လိုင်းတွင် တင်ခဲ့ပြီးနောက် တရုတ်ပြည်မကြီး၏ လူမှုမီဒီယာ များတွင် ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့သည်။
ဟူအန်သည် ကျိုးအမည်ရှိ ၎င်း၏ချစ်သူကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကွမ်တုံ (Guangdong) ပြည်နယ်၊ ကွမ်ကျိုး (Guangzhou) မြို့တွင် စတင် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ ကျိုး၏ တိုက်ခန်းတွင် အတူနေထိုင်ခဲ့သည်ဟု ဆိုသည်။
ကျိုးက သူသည် ဖူကျန်း (Fujian) ပြည်နယ်မှဖြစ်ပြီး သူ့မိဘများသည် နိုင်ငံတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဟူအန်သည် အလုပ်မရှိသဖြင့် ကျိုးက မြန်မာနိုင်ငံရှိ ၎င်း၏မိဘများ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်း အချို့ တွင် ဝင်ရောက် အလုပ်လုပ်ကိုင်ရန် ဟူအန်ကို အယုံသွင်းခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂ ရက်တွင် ဟူအန်သည် မိသားစုအား အသိမပေးဘဲ ကျိုးနှင့်အတူ ထိုင်းသို့ ထွက်ခွာသွားခဲ့ သည်။
၎င်းတို့ နှစ်ဦးသည် ထိုင်းနှင့် မြန်မာနယ်စပ်သို့ ထွက်လာပြီးနောက်မှာတော့ လက်နက်ကိုင် အမျိုးသားတစ်ဦးက ၎င်းတို့နှစ်ယောက်ကို လာရောက် ခေါ်ဆောင်သွားခဲ့ကာ ဟူအန်၏ ပတ်စ်ပို့နှင့် မိုဘိုင်းဖုန်းကို သိမ်းသွားခဲ့သည်ဟု ဆိုသည်။
ဟူအန်က ကျိုးကို ဂိမ်းဆော့ချင်သဖြင့် မိုဘိုင်းဖုန်း ခဏပြန်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ၎င်း၏ မိသားစုကို ဖုန်းဆက်ပြီး အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဟူအန်၏ မိသားစုကလည်း တရုတ်ရဲတပ်ဖွဲ့ကို ချက်ချင်း တိုင်ကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်က ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းစဉ်
ဟူအန်က သူသည် မြန်မာနိုင်ငံရှိ Kaixuan(ခိုင်ရွှန်)အမည်ရှိ ခြံဝင်းထဲသို့ ခေါ်ဆောင် သွားခံခဲ့ရကြောင်း၊ ထိုခြံဝင်း ထဲတွင် ကတုံးတုံးခံခဲ့ရပြီး ကျားဖြန့် အလုပ်များလုပ်ရန် သင်တန်းပေးခံခဲ့ရသည်။
ဟူအန်သည် တစ်ရက်လျှင် ၁၆ နာရီမှ နာရီ ၂၀ အလုပ်လုပ်ခဲ့ရသော်လည်း လိမ်ညာနိုင်ခြင်း မရှိသဖြင့် မကြာခဏ နှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။
နောက်ဆုံးတွင် ဟူအန်သည် နားထိုင်းသွားခဲ့ပြီး ကိုယ်အလေးချိန်လည်း ၁၀ ကီလိုဂရမ် (ပေါင် ၂၀ ကျော်) ခန့် ကျသွားခဲ့သည်။
ထို့နောက် ၎င်း၏ မိသားစုက မြန်မာနိုင်ငံရှိ Chaoshan(ချောင်ရှန်း) ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် ကျားဖြန့်ဂိုဏ်းကို ယွမ် ၃၅၀,၀၀၀ ပေးခဲ့သဖြင့် ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်က ဟူအန်ကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဟူအန်သည် တရုတ်သို့ ဇွန်လထဲတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်း၏ချစ်သူ မိန်းကလေးဖြစ်သည့် ကျိုးကိုမူ ထိုင်းမှ တရုတ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုအမှုကို ဇူလိုင်လကုန်ပိုင်း ကြားနာစစ်ဆေးရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်းခဲ့ကာ မည်သည့် နေ့ရက်တွင် ကြားနာစစ်ဆေးမည် ဆိုခြင်းကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
Source: South China Morning Post