CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၆

ထိုင်းဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ပေတုန်တန်(Paetongtarn Shinawatra) နှင့် ၎င်း၏ဖခင် သက်ဆင်(Thaksin Shinawatra)တို့၏ အမှုများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက သတိထား၍ အနီးကပ် စောင့်ကြည့်နေကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပေတုန်တန်၏ အမှုကို စီရင်ချက်ချရန် နီးကပ်လာချိန်တွင် ထွက်ပေါ် လာမည့် ရလဒ်များသည့် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး တည်ငြိမ်မှုကို သိသာထင်ရှားစွာ သက်ရောက်မှု ရှိစေလိမ့်မည်ဟု လေ့လာသူများက သတိပေးထားသည်။

ဩဂုတ် ၂၁ ရက်က ပေတုန်တန်သည် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နှင့် ပြောဆို ခဲ့သည့် အသံဖိုင် ပေါက်ကြားမှုနှင့်ပတ်သက်ပြီး တရားရုံးတွင် ကြားနာစစ်ဆေးမှု ခံယူခဲ့သည်။

ထိုအသံဖိုင်ထဲတွင် ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟုခေါ်ဆိုခဲ့ကာ ထိုင်းစစ်တပ် အကြီးအကဲတစ်ဦးကို ၎င်း၏ နိုင်ငံရေးပြိုင်ဘက်အဖြစ် သုံးနှုန်းပြောဆိုခဲ့သဖြင့် လွှတ်တော်အမတ်များက ပေတုန်တန်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးတွင် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကိုတွေ့ရစဉ်

တရားရုံးက ပေတုန်တန်ကို ရာထူးမှ ဖယ်ရှားရန် သင့်၊ မသင့် ဩဂုတ် ၂၉ ရက်တွင် စီရင်ချက် ချမည်ဖြစ်ပြီး ပေတုန်တန်၏ တရားရေးအဖွဲ့ကမူ သက်သေများကို စုဆောင်းလျက်ရှိသည်။

ပေတုန်တန်၏ အမှုကို ချမှတ်မည့် စီရင်ချက်သည် ထိုင်းနိုင်ငံရေး အခင်းအကျင်းကိုလည်း ပြန်လည်ပုံဖော် စေလိမ့်မည်ဖြစ်ကြောင်း အများစုက ယူဆထားကြသည်။

သီးခြားဖြစ်စဉ် တစ်ခုတွင်မူ ပြစ်မှုဆိုင်ရာတရားရုံးက သက်ဆင်ကို ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား မီဒီယာ တစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဘုရင်စနစ်ကို ဝေဖန်စော်ကားမှု၊ ကွန်ပျူတာရာဇဝတ်မှု စွဲချက်များဖြင့် စွဲချက်တင်ခံထားရမှုကို ငြင်းပယ်ခဲ့ပြီး အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။

မည်သို့ပင်ဆိုစေ သက်ဆင်သည် အကျဉ်းချခံခဲ့ ရချိန်အတွင်း ကျန်းမာရေးကို အကြောင်းပြပြီး ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံတွင် နေထိုင်ခဲ့သည့် အမှုနှင့် ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထိုင်းကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌ ဗီဆစ် လင်လာချာကို တွေ့ရစဉ်

ထိုအမှုကို စက်တင်ဘာ ၉ ရက်တွင် စီရင်ချက်ချမည်ဖြစ်သည်။

ထိုင်းကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌ ဗီဆစ် လင်လာချာ (Visit Limlurcha) ကမူ စီးပွားရေး လုပ်ငန်းရှင်များ သည် ပေတုန်တန်၏ အမှုကို အနီးကပ် စောင့်ကြည့်နေပြီး ဖြစ်လာနိုင်ခြေရှိသည့် အချက် ၂ ချက်ကို ပြောကြားခဲ့ သည်။

ပထမအချက်မှာ ပေတုန်တန် ရာထူးမှ ဖယ်ရှားခံရခြင်း မရှိပါက နိုင်ငံရေး အန္တရာယ်သည် ယာယီ ပြေလျော့ သွားဖွယ်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြင့်တက်စေနိုင်လိမ့်မည်ဟု ဆိုသည်။

ဒုတိယအချက်မှာ ပေတုန်တန် ရာထူးမှ ဖယ်ရှားခံရပါက အစိုးရအဖွဲ့အတွင်း အာဏာလေဟာနယ် ဖြစ်ပွားနိုင်ပြီး နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များလည်း ရပ်တန့်သွားခဲ့ကာ ငွေကြေးစျေးကွက်ကို ထိခိုက်စေနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: The Nation