CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆
မြန်မာ့တပ်မတော်ဘက်မှ EAO အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် အခါတွင် စံနှုန်း သတ်မှတ်သင့်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား ထောက်ပြမှုများ ရှိလာကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်မှ လက်နက်စွန့်ကာ နိုင်ငံရေးဝင်ခိုင်းသည့် အချက် အပါအဝင် အခြားသော အချက်များဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်နေမှုများသည် အလုပ်မဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ စံနှုန်းထားသင့်ပြီး မြန်မာ့တပ်မတော်ဘက်မှ အလုပ် မဖြစ်သည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများကို ပြန်လည်စဉ်းစားရန် လိုအပ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကတော့ သူ့ရဲ့လက်စွဲ ၆ ချက်နဲ့ တောက်လျှောက် ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတာတော့ အလုပ်မဖြစ် ဘူးပေါ့။ အဲဒါတွေ အလုပ်မဖြစ်ဘူးဆိုတာ သူတို့ဘက်ကနေ ပြန်လည်စဉ်းစားဖို့ လိုအပ်တာပေါ့။ ဘာကြောင့် အလုပ်မဖြစ်သလဲ ဆိုတာပေါ့လေ။ စံနှုန်းတွေကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ ထားသင့်ပါတယ်။ ထားပြီးမှ အခု ထားလိုက်တဲ့ပုံစံက အလုပ်မဖြစ်ဘူးဆိုရင် နောက်တစ်နည်း ပြန်စဉ်းစားသင့်တယ်ပေါ့နော်။ အဲဒါလေးတော့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါကတော့ လတ်တလော ဖြစ်နေတဲ့ အခြေအနေပေါ် မူတည်တယ်။ ငြိမ်းချမ်းရေး ဆိုတာ ရေရှည်သွားရမယ့် ကိစ္စလေ။ လတ်တလော အခင်းအကျင်းပေါ် မူတည်ပြီးမှ လုပ်မယ်ဆိုရင်တော့ သိပ် မကောင်းဘူးပေါ့။ ဒါတော့ တိုင်ပင်ဆွေးနွေးပြီးမှ ဘယ်လို သတ်မှတ် သင့်တယ်ဆိုတာ မှတ်ချက်တော့ မပေးချင်ပါ ဘူး။ ဒါပေမယ့် နိုင်ငံတော်အတွက် ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ ဥစ္စာလေးကို စဉ်းစားပြီးမှ သတ်မှတ်ရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။
ဒေါက်တာအေးမောင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း နစကဘက်မှ ကြေညာခဲ့သည်။
ထို့ပြင် PDF အပါအဝင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၊ တိုင်းရင်းသား လက်ကိုင်များအတွက် ငြိမ်းချမ်းရေး လမ်းဖွင့်ထားကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေပြည်တော် ၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်၌ ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံကို အုပ်ချုပ်သူအနေဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာရာတွင် စည်းကမ်း သတ်မှတ်ချက် ရှိရန်လိုသည်ကို လက်ခံသော်လည်း တစ်ဖက်အင်အားစုများ၏ လက်နက်ကိုင်ရသည့် အကြောင်း တရားကို သေချာသုံးသပ် ပြင်ဆင်ပြီးမှ ဖိတ်ခေါ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ပိုင်းမှာ ကန့်သတ်ချက်လေးတွေပါတယ်။ အကြမ်းဖက် အယူအဆကို စွန့်လွှတ်ပြီးကြောင်း ကြေညာဖို့ လိုအပ်တယ် ဆိုတာလေးတွေ ပါတာပေါ့။ ပြည်သူတွေနဲ့ပတ်သက်တဲ့ အခြေခံ အဆောက်အဦတို့ လမ်းပန်းဆက်သွယ်ရေးတွေကို မဖြတ်တောက်ဖို့တို့၊ အင်အားမစုဆောင်းဖို့တို့ စတဲ့ ကြိုတင်ကန့်သတ်ချက် လေးတွေနဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာတာတွေ့တယ်။ အင်အားစုဆောင်းတာတို့၊ လူသစ် စုဆောင်းတာတို့ အဲဒါမျိုး မလုပ်ပေးနဲ့ပေါ့။ လုပ်ရင် ဒီဘက်က ပြန်ပစ်ရ ပြုရမယ်ဆိုတဲ့ သဘောပေါ့။ ဒါမျိုး အပစ် အခတ်ရပ်တဲ့အခါ ကန့်သတ်ချက်တွေ တွေ့ရတာပေါ့။ တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာကြောင့် လက်နက်ကိုင်ရသလဲ အကြောင်းတရားလေးကို သေသေချာချာ ဂဃနဏ သုံးသပ်ပြီးမှ အဲဒီအကြောင်းတရားကို ဖြေရှင်းနိုင်လောက်တဲ့ နိုင်ငံရေးရလဒ်တစ်ခု ထွက်အောင် ကိုယ့်ဘက်က ပြင်ဆင်ပြီးမှ ဖိတ်ခေါ်ဆွေးနွေးမှု ရှိဖို့လို တာပေါ့။ အဲဒါကတော့ အသေးစိတ် နှစ်ဖက် တော်တော်လေး ပြေပြေလည်လည် သုံးသပ်ပြီးမှ ကိုယ့်ဘက်က လည်း ပြင်ဆင်ပြီးမှ ဖိတ်ခေါ်ဖို့ လိုတယ်ထင်တယ်။ အစိုးရဘက်က ပြောတာပါ” ဟု ပြောသည်။
AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် အခါတွင် နိုင်ငံကို အုပ်ချုပ်နေသူများမှ အကြမ်းဖက်အုပ်စုများ၊ မတရားအသင်းများကို ကြေညာထားသည့်အတွက် ထိုအဖွဲ့များဖြင့် တရားဝင် ဆွေးနွေးရန်မှာ အခက်အခဲရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန်လိုကြောင်း၊ ပယ်ဖျက်ပေးနိုင်ရန်အတွက်လည်း တစ်ဖက် အဖွဲ့အစည်းဘက်မှလည်း ဆောင်ရွက်ပေးရန် ဆွေးနွေးပွဲများတွင် အတင်အချ ရှိကြကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် လက်နက်ကိုင်များအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် မည်သည့် အချက်များ၊ မည်သည့် စံနှုန်းများ၊ မည်သည့် အနေအထားများ စသဖြင့်ရှိမှ လက်ခံမည်ဖြစ်ကြောင်း သတ်မှတ်ချက် တစ်ခုရှိ သင့်ကြောင်း၊ ယခင်က AA-TNLA-MNDAA တို့ကို လက်နက်အင်အားမရှိသလို ထိန်းချုပ်နယ်မြေမရှိခြင်းနှင့် စစ်ပွဲ မရှိခြင်းတို့ကြောင့် လက်မခံနိုင်ကြောင်း မြန်မာ့တပ်မတော်က သဘောထားရှိခဲ့ကြောင်း၊ အလားတူ လက်နက်စွန့် မှ ငြိမ်းချမ်းရေးမှာ ပါဝင်ခွင့် ပြုမည်ဖြစ်ကြောင်း သဘောထား ရပ်တည်ခဲ့သည်။
ထို့နောက် AA-TNLA-MNDAA တို့သည် စစ်ပွဲများ ဖန်တီးလာပြီး ထိန်းချုပ်နယ်မြေ တည်ဆောက်ခြင်းနှင့် လက်နက်ကိုင် အင်အားများ တည်ဆောက်ရေးကို လုပ်ဆောင်လာသည့်အခါမှာတော့ မြန်မာ့တပ်မတော်၏ သဘောထား ပြောင်းလဲလာပြီး NCA ထိုးခွင့် မပေးဘူး ရပ်တည်ချက်ကနေ NCA ထိုးရန် တိုက်တွန်းလာရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် AA-TNLA-MNDAA တို့သည် NCA ကို စိတ်မဝင်စားတော့ ဘဲ NCA ထက် ပိုမို အခွင့်အာဏာ ရှိမည့် အခြေအနေကိုသာ ရယူလိုကြောင်း ရပ်တည်လာခဲ့ခြင်းကို ဥပမာယူ၍ စံနှုန်းသတ်မှတ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။