CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည့်တိုင် ဆန့်ကျင်ကန့်ကွက်မှုများ ပြင်းထန်နေခြင်းကြောင့် ပြည်ပရောက် မဲဆန္ဒရှင်များသည် မဲပေးရေး မပေးရေးဆိုသော အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြည်ပနိုင်ငံများကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေနှင့် ကြိုတင်မဲပေးနိုင် ရေးအတွက် ကိုယ်ရေး အချက်အလက်များ ဖော်ပြပြီး သက်ဆိုင်ရာ သံရုံးများကို ပေးပို့တောင်းဆိုရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံကို ရောက်နေသည့် ရွှေ့ပြောင်းများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပက်သက်ပြီး ဘယ်လိုမှ အစီအစဉ် မရှိကြောင်း၊ မဲပေးရန်လည်း စိတ်မဝင်စားကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းတွေ အနေနဲ့ မဲပေးဖို့အတွက် ဘယ်လိုတွေ စီစဉ် ဆောင်ရွက်နေ ကြလဲဆိုရင် ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ဘယ်လိုမှ အစီအစဉ် မရှိကြဘူး။ ပေးဖို့လည်း အာရုံမလာဘူး။ ပေးဖို့လည်း စိတ်မဝင်စားကြဘူး။ ဒီရွေးကောက်ပွဲတွေမှာ လုပ်ဆောင်တဲ့ အခါမှာ ဒါတွေက သမာအာဇီဝကျကျ လုပ် တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ အဲတော့ ကျနော်တို့က ရွေးကောက်ပွဲကို မဲထည့်ဖို့အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒီစစ်ကောင်စီကို ပေးရတဲ့အခါကြတော့ ဒီရွှေ့ပြောင်း အလုပ်သမား အများစုကတော့ ဒါစိုးရိမ် ကြတယ်ပေါ့။ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား အများစုက ဒါကို စိတ်မဝင်စားတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ တွေ့ရတယ်။ ဒီလုံခြုံရေးအရ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရွှေ့ပြောင်း အလုပ်သမားတွေက ဒါတွေကိုပေးမှာ မဟုတ်ဘူး လက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ရွေးကောက်ပွဲကို ဒီထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်သူတွေ အနေနဲ့ ၉၉ ရာခိုင်နှုန်း စိတ်မဝင်စားဘူးဆိုတာကိုတော့ ဒါအတိ အလင်း ကျနော်တို့ အနေနဲ့ အလုပ်သမားရေး လုပ်တဲ့သူ တစ်ယောက်အနေနဲ့ ပြောရဲတယ်”ဟု ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ ကြိုတင်မဲပေးဖို့ စောင့်နေကြသူများ။
ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးကြမည်မဟုတ်ဟု လူတစ်ဦးတစ်ယောက်က ပြောနေခြင်းက လက်တွေ့မကျ ကြောင်း၊ မည်သည့် စစ်တမ်းများ ကောက်ယူ၍ ပြောခြင်းလဲ မေးခွန်း ထုတ်စရာရှိသလို မိမိသည် မိမိတစ်ဦး တည်းကိုသာ ကိုယ်စားပြု ပြောခြင်းဖြစ်ပြီး တခြားလူကို ကိုယ်စားပြု ပြော၍မရကြောင်း၊ ပြည်ပရောက် မဲဆန္ဒရှင် များထဲတွင် မဲပေးလိုသူများ ရှိကြကြောင်း သို့သော်လည်း မဲပေးပါက ဝိုင်းဝန်း၍ ဖယ်ကြဉ်ခြင်းနှင့် ရန်ရှာမည်ကို စိုးရိမ်နေ၍ ဆုံးဖြတ်ရန် ခက်ခဲနေကြောင်း ပြည်တွင်းရှိ နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ အကာအကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လက်မှတ်ထိုး ပြဋ္ဌာန်းထားသည်။
ပြည်တွင်း/ပြည်ပက ပြည်သူများ မဲပေးရာတွင် လွယ်ကူစေရန် Online Voting လုပ်မည်ဆိုလျှင်လည်း ယခု အချိန်မှာ မလွယ်ကူနိုင်တော့ကြောင်း၊ ကိုယ်ရေး အချက်အလက် မပေးပါက မဲစာရင်းတွင် အမည်ပေါက်မည် မဟုတ်ကြောင်း၊ ကိုယ်ရေးအချက်အလက် ပေးရခြင်းက လုံခြုံရေးထိခိုက်နိုင်ခြေ ရှိသည်ဟု မထင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပစဉ် မဲထည့်ရန် စောင့်နေကြစဉ်
၎င်းက “ပြည်ပမှာ ရောက်နေတဲ့ လူတွေအတွက်ကတော့ သံရုံးတစ်ခုတည်း သူက လက်ခံတာ ဖြစ်တာပေါ့။ သံရုံး ဧရိယာသည် မြန်မာပိုင် နယ်နိမိတ်လို့ သတ်မှတ်လို့ရတာကို။ အဲထဲမှာပဲ သူကလုပ်ခွင့်ရှိတာ လွယ်ကူအောင်တို့ ဘာတို့ညာတို့ စဥ်းစားလို့ရှိရင် မြန်မာအလုပ်သမားပေါတဲ့ စက်မှုဇုန်တွေ နေရာမျိုးမှာ သွားပြီးတော့မှ မဲပုံးထောင် ပေးပါလားဆိုရင် ဒါကလည်း အဆင်မပြေပြန်ဘူးပေါ့။ ထိုင်းရဲ့ ပိုင်နက်ဖြစ်နေတာကို။ ဆိုတော့ မြန်မာသံရုံးမှာပဲ မြန်မာတွေက မဲပေးခွင့်ရှိတယ်ဆိုတော့ ကြိုတင်မဲအနေနဲ့ လာပေးဖို့ကလည်း ကျနော်/ကျမတို့ကတော့ ဘယ် နေရာမှာ ရောက်ရှိနေပါတယ်။ အဲရောက်ရှိနေရာကို မဲပေးချင်လို့ပါ ကျနော်/ကျမတို့ရဲ့ အချက်အလက်ကတော့ ဒါရှိပါတယ်ဆိုကာမှ သံရုံးအနေနဲ့ကလည်း ဒါသည် ကြိုတင်မဲအဖြစ် ဒီဘက်ကို UEC ဘက်ကို လှမ်းပြီးတော့မှ အကြောင်းကြားပေးရမယ်။ ဒါပြည်ပရောက် မဲတွေပေါ့။ အဲလိုမျိုး ထားပြီးသွားရမှာဖြစ်တယ်ပေါ့။ အဲအတွက် ကြောင့်မို့လို့ ပြည်တွင်းက လူတွေလည်း လွယ်ကူအောင် ပြည်ပကလူတွေလည်း လွယ်ကူအောင်ဆိုတဲ့ အနေ အထားမျိုးနဲ့ Online Voting ကို လုပ်ပေးပါဆိုတဲ့ဟာကို ကျနော်တို့က ပြောတာပေါ့။ သို့ပေမယ့် အခုအနေအထား အရတော့ Online Voting လုပ်လည်း ဒီအချိန်ကြမှတော့ဆိုရင်လည်း မလွယ်လောက်တော့ဘူးပေါ့။ မဲဆန္ဒရှင်က လည်း ရသလောက်ပေါ့လေ။ အဲတာကလည်း မတတ်နိုင်တော့ဘူးပေါ့”ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ် တချို့မှ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားပြီး တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်းပြောကြားထား သည်။