CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်ဖြင့် မဲဆန္ဒနယ် ၃၃၀ လုံးမှာ ကျင်းပမည်ဟု သတ်မှတ်လိုက်သဖြင့် မြန်မာ့တပ်မတော် ထိန်းချုပ်နယ်မြေနှင့် မထိန်းချုပ်နိုင်နယ်မြေများ၌ မဲပေးမှုပုံစံ ဘယ်လိုဖြစ်သင့်လဲဆိုသည့်အပေါ် နိုင်ငံရေးပါတီများကြား သုံးသပ်မှုများရှိနေသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ဦးစွာကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ကျန်ကျင်းပမည့် အကြိမ်များ၌ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ၆၃ မြို့နယ်ကို ပေါင်းထည့်မည် လားကို စဉ်းစားစရာ ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်နယ်တစ်ခုမှာ အစိုးရက ထိန်းချုပ်တဲ့ မြို့နယ်ရှိမယ်၊ အစိုးရ မထိန်းချုပ် နိုင်သေးတဲ့ မြို့နယ်ရှိမယ် ပေါ့။ ၃၃၀ မြို့နယ်ကို ကျင်းပမယ်ဆိုရင် ထိန်းချုပ်တဲ့ မြို့နယ်ရော၊ မထိန်းချုပ်နိုင်သေးတဲ့ မြို့နယ်ရော တစ်ပြိုင် တည်း ကျင်းပမယ့်သဘော ဖြစ်သွားတာပေါ့။ သို့မဟုတ် အကြိမ်ကြိမ် ခွဲကျင်းပမယ်ဆိုတဲ့ သဘောပေါ့။ ဆိုတော့ မဲပုံး ဘယ်လိုထောင်မှာလဲပေါ့။ ထိန်းချုပ်တဲ့နေရာမှာ မဲပုံးထောင်လို့ရတယ်၊ မထိန်းချုပ်နိုင်သေးတဲ့ မြို့တွေမှာ မဲပုံး ဘယ်လို ထောင်မှာလဲ။ သို့မဟုတ် အဲဒီမထိန်းချုပ်နိုင်သေးတဲ့ မြို့တွေက မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်ရဲ့ ထိန်းချုပ်တဲ့ နေရာမှာ ရောက်နေကြရင် ပေးလာမယ့် မဲအရေအတွက်ကို ဦးတည်ပြီးမှ ၃၃၀ ဆိုတဲ့ဥစ္စာကို သတ် မှတ်တာလားပေါ့။ အဲဒီလိုဆိုရင် ဒီဘက်က အစိုးရ ထိန်းချုပ်တဲ့ မြို့နယ်မှာ ခုနက မထိန်းချုပ်နိုင်သေးတဲ့ မြို့နယ် က လာရောက် နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေကို မဲပုံးထောင်ပြီး မဲပေးခွင့်ပြုမှာလား သို့မဟုတ် ကြိုတင်မဲ ပေးစေမှာ လား၊ သို့မဟုတ် အဝေးရောက်မဲ ပေးစေမှာလား ဆိုတာကတော့ မထင်ရှားသေးဘူး။ FPTP နဲ့ပဲလုပ်တဲ့ ပြည်သူ့ လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေရှိတယ်။ အဲဒီနှစ်ခုပေါ့ ထိန်းချုပ် တဲ့မြို့နဲ့ မထိန်းချုပ်နိုင်သေးတဲ့မြို့ ဘယ်လိုမဲပေးတဲ့ ပုံစံနဲ့လုပ်မှာလဲပေါ့။ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲရုံမှာ သွားပေးရမယ်လို့ ပြောတယ် မဲပေးစက်မှာ။ ရွေးကောက်ပွဲကော်မရှင်ကို ပြန်မေးရမယ့် သဘောဖြစ်တာပေါ့” ဟု ပြောသည်။
မဲထည့်နေစဉ်
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဆက်လက် ကျင်းပမည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အီလက်ထရောနစ် မဲပေးစက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ စနစ်နှစ်မျိုးဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကာ ဆန္ဒမဲပေးနိုင်မှာဖြစ်သလို ပါတီကိုသာ ရွေးချယ်ပြီး ဆန္ဒမဲပေးရမှာလည်းဖြစ်သည်။
ဆန္ဒမဲပေးရာတွင်လည်း မဲပုံးထောင်သည့် နေရာသို့ မဲဆန္ဒရှင်က လာရောက်ပေးရမည်ဟု ကြားရကြောင်း၊ အစိုးရ ထိန်းချုပ်နယ်မြေနှင့် မထိန်းချုပ်နိုင်သည့် နယ်မြေများတွင် ပြုလုပ်မည့် မဲပေးမှုပုံစံနှင့်ပတ်သက်၍ မေးခွန်းထုတ် စရာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာဆိုပါစို့ ထိန်းမချုပ်နိုင်သေးတဲ့ မြို့နယ်တွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်အရ သက်ဆိုင်ရာ မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်မယ့်ပုဂ္ဂိုလ်တွေကို ဥပမာ ကြိုတင်မဲ (သို့မဟုတ်) အဝေးရောက်မဲ ပေးချင်တယ်ဆိုရင် အချိန် တစ်ခု ယူရမှာပေါ့။ တစ်ရက်တည်းမှာပေးတဲ့ဥစ္စာ မဟုတ်နိုင်ဘူးလေ။ FPTP စနစ်နဲ့ သွားမယ့် ပြည်သူ့လွှတ်တော် သဘောက ပြည်နယ်တစ်ခုမှာ မြို့နယ် တစ်ဝက်လောက်ကတော့ ထိန်းချုပ်တဲ့ မြို့နယ်ထဲမှာရှိတယ်၊ ရွေးကောက် ပွဲ ကျင်းပပေးမယ်။ ကျန်တဲ့ တစ်ဝက်လောက်က မထိန်းချုပ်နိုင်သေးတဲ့ မြို့နယ်ဖြစ်တဲ့အခါမှာ အဲဒီမြို့နယ်ရဲ့ ရွေးကောက်ပွဲကို ဘယ်လိုလုပ်မှာလဲဆိုတဲ့ဥစ္စာ၊ ဒီဘက်က ထိန်းချုပ်နိုင်တဲ့ နေရာမှာ မဲပုံးထောင်ပြီးမှ တစ်ဖက်က မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေရဲ့ မဲပေးခွင့် မဆုံးရှုံးအောင် လုပ်ပေးမှာလား။ တစ်ဖက်တခြား ပြည်နယ်၊ တိုင်းတွေ မှာ ရောက်နေကြတဲ့ မထိန်းချုပ်နိုင်သေးတဲ့ မြို့နယ်က မဲဆန္ဒရှင်များရဲ့မဲကို အဝေးရောက် မဲနဲ့ယူမှာလား ကြိုတင် မဲနဲ့ ယူမှာလား။ ၃၃၀ သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုရွေးမှာလဲ။ အဲဒါတွေက ရွေးကောက်ပွဲကော်မရှင်နဲ့ သီးသန့်ပြန်ဆွေးနွေးပြီးမှ ရှင်းလင်းချက်ပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ မဲဆန္ဒရှင် များ အတွက်လည်း ပိုကောင်းမှာပေါ့” ဟု ပြောသည်။
KIA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြု ထုတ်ပြန်ထားသည့်အတွက် ပါတီများ၏ မဲဆွယ် စည်းရုံးရေးကာလမှာ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများအရ ရက်ပေါင်း ၆၀ ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီ များက ပြောသည်။
ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပါတီများ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိသည်။
သို့သော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေး၌ မဲဆွယ်စည်းရုံးရေးကာလမှ မဲပေးသည်အထိ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များ၏ လုံခြုံရေးကို ကာကွယ်ပေးရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။