CNI International News

နယူးဒေလီ၊ ဩဂုတ် ၂၁

ကမ္ဘာ့လူဦးရေ အများဆုံး ၂ နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်သည် မကြာသေးမီက သံတမန်ဆက်ဆံရေးများတွင် ကြီးမားသည့် တိုးတက်မှုရရှိခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် နယ်စပ်ဒေသ တင်းမာမှုများကို လျှော့ချရန် တရုတ်၏ အဆိုပြုချက်ကို သဘောတူခဲ့ပြီး ၂ နိုင်ငံကြား တိုက်ရိုက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရေး၊ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုနှင့် မြေရှားသတ္တုများ အပါအဝင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)သည် အိန္ဒိယသို့ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တွင် သွားရောက်ခဲ့ပြီး အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဂျစ် ဒိုဗယ် (Ajit Doval)၊ ဝန်ကြီးချုပ် မိုဒီ (Modi) တို့နှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ပြီးနောက် ထိုသဘောတူညီချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဝမ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နယ်စပ်ဒေသ တင်းမာမှုများ လျှော့ချရန်လည်း သဘောတူညီမှု ရရှိခဲ့သည်။

 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာကို တွေ့ရစဉ်

အမေရိကန်က တရုတ်နှင့် အိန္ဒိယအပေါ် ကုန်သွယ်ခွန်များ မြှင့်တင်ရန် ဖိအားများ ပေးခဲ့ခြင်းကြောင့် တရုတ်နှင့် အိန္ဒိယသည် ဆက်ဆံရေးများကို မြှင့်တင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ တရုတ်ခရီးစဉ် မတိုင်မီ တရုတ်သည် အိန္ဒိယသို့ မြေရှားသတ္တုများကို ပြန်လည် တင်ပို့ ရောင်းချဖွယ်ရှိပြီး မြေရှားသတ္တုများသည် တရုတ်နှင့် အခြားနိုင်ငံများကြား ဆက်ဆံရေး မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

အိန္ဒိယဗဟိုဘဏ်၏ ဇူလိုင်လက ထုတ်ပြန်ချက်အရ အိန္ဒိယသည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ပြည့်မြဲစွမ်းအင်၊ အီလက်ထရောနစ် ပစ္စည်းများနှင့် အဓိက စက်မှုလုပ်ငန်းသုံး ပစ္စည်းများကဲ့သို့ ကဏ္ဍများတွင် ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မြေရှားသတ္တုများကို တင်သွင်းဝယ်ယူသည့် ပမာဏသည် တစ်နှစ်လျှင် ဒေါ်လာ ၃၃ သန်း အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်သည် ယခုလကုန်ပိုင်းတွင် တရုတ်သို့ လာရောက်မည့် မိုဒီ၏ ခရီးစဉ် မတုင်မီကတည်းက အိန္ဒိယသို့ မြေရှားသတ္တုများ ပြန်လည်တင်ပို့ ရောင်းချမည်ဟု ပြောကြားထားကြောင်း အိန္ဒိယမီဒီယာများတွင် ဖော်ပြထား သည်။

 မိုဒီသည် တရုတ်နိုင်ငံ၊ တီအန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံမည်ဖြစ်သည်။

Source: South China Morning Post