CNI International News

ဘာလင်၊ အောက်တိုဘာ ၂၇

ဥရောပသမဂ္ဂ (EU) သည် မြေရှားသတ္တုများ ရရှိရေးအတွက် တရုတ်အပေါ် မှီခိုမှုကို အဆုံးသတ်ရန် လုပ်ဆောင်နေ ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန် (Ursula von der Leyen) က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်သည် စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ ထုတ်လုပ်မှုနှင့် စစ်ရေး နည်းပညာများအတွက် အရေးကြီးသည့် မြေရှားသတ္တုများကို ထုတ်လုပ်၊ တင်ပို့သည့် အဓိကနိုင်ငံဖြစ်သည်။

ဧပြီလအတွင်းက တရုတ်သည် မြေရှားသတ္တု တင်ပို့ရေးအတွက် လိုင်စင်လိုအပ်ချက် အသစ်များကို ထုတ်ပြန်ခဲ့ သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုကဏ္ဍကို ဂယက်ရိုက်ခတ် သွားစေခဲ့သည်။

ထို့ပြင် တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်ပွားနေချိန်တွင် ၎င်း၏ အနေအထားကို အသာစီးရရန်အတွက် မြေရှားသတ္တု တင်ပို့မှုများကို ထိန်းချုပ်ကန့်သတ်မှု အသစ်များ ကြေညာခဲ့သည်။

မြေရှားသတ္တု တူးဖော်နေစဉ် 

တရုတ်၏ အစီအမံများကြောင့် ဥရောပသမဂ္ဂ၏ ကုန်မ္ပဏီအချို့သည် ထုတ်ကုန်များကို ဆိုင်းငံ့ရသည့် အခြေအနေ သို့ ရောက်ရှိခဲ့ပြီး စီးပွားရေးအရ ထိခိုက်နစ်နာစေခဲ့သည်ဟု ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ရေတိုတွင် တရုတ်နှင့် ညှိနှိုင်း အဖြေရှာ သွားမည်ဖြစ်သော်လည်း လိုအပ်လာပါက မိမိတို့၌ ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုရန် အသင့်ရှိကြောင်း ဗွန်ဒါလီယန်က အောက်တိုဘာ ၂၅ ရက်က ပြုလုပ် သည့် Berlin Global Dialogue ညီလာခံမှာ ပြောကြားခဲ့သည်။

မြေရှားသတ္တုများ ဝယ်ယူရရှိရေးတွင် အားနည်းချက်များ ရှိနေသည့် အခြေအနေကြောင့် ရေတိုနှင့် ရေရှည်၌ မိမိတို့ ဥရောပ စက်မှုလုပ်ငန်းများအတွက် မြေရှားသတ္တုများကို အခြားအရင်းအမြစ်များထံမှ ဝယ်ယူနိုင်ရန် တွန်းအားပေးရာ ရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

“စွမ်းအင်၊ ကုန်ကြမ်းပစ္စည်း၊ ကာကွယ်ရေး နဲ့ ဒစ်ဂျစ်တယ် ကဏ္ဍတွေမှာ ဥရောပသမဂ္ဂဟာ ကိုယ့်ကိုယ်ကို အားကိုးဖို့ ကြိုးပမ်းရပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: DW