CNI International News
ဘရပ်ဆဲလ်၊ အောက်တိုဘာ ၃၁
အောက်တိုဘာ ၂၉ ရက် ညသန်းခေါင် အချိန်မှစပြီး EU က တရုတ်လုပ် လျှပ်စစ်ကားများကို သွင်းကုန်အခွန်များ တိုးမြှင့်ကောက်ခံခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်လုပ် လျှပ်စစ်ကားများကို ဥရောပသို့ တင်သွင်းမှုနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU)၏ စုံစမ်းစစ်ဆေး မှုများ ၁ နှစ်အကြာနှင့် ဆွေးနွေးညှိနှိုင်းမှုများ ၄ လကြာ ပြုလုပ်ခဲ့ပြီးနောက် ယခုလို အခွန်တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။
တရုတ်လုပ် လျှပ်စစ်ကားများကို သွင်းကုန်အခွန် ၃၅ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သည့် ဥရောပ ကော်မရှင်ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်အစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဟု ကတိပြုခဲ့သည်။
မည်သို့ပင်ဆိုစေ EU က အသစ်ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများတွင် တရုတ်လျှပ်စစ်ကားများ တင်သွင်းမှုနှင့် ပတ်သက်ပြီး ရှည်လျားသော ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ဖော်ပြထားသည်။
စာမျက်နှာ ၂၇၈ မျက်နှာပါရှိသည့် ထိုမှတ်တမ်းများတွင် ဥရောပကော်မရှင်၊ တရုတ်အစိုးရ၊ စီးပွားရေး အသင်းအဖွဲ့ အများအပြား၊ ကားကုမ္ပဏီများ၊ ဘက္ကထရီ ကုမ္ပဏီများအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းရေး အစီအစဉ်များ ကို ဖော်ပြထားသည်။
လျှပ်စစ်ကားများကို တွေ့ရစဉ်
ဂျာမနီနိုင်ငံ အပါအဝင် EU အဖွဲ့ဝင်နိုင်ငံများ၏ ဖိအားပေးမှုကြောင့် ဥရောပကော်မရှင်သည် တရုတ်ဘက်မှ အခွန်များ ပြန်လည်တိုးမြှင့် ကောက်ခံမည့် အရေးကို လျော့ကျစေရန် တရုတ်သို့ သွားရောက်ပြီး ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ရန် ပြင်ဆင်နေသည်။
သို့သော် EU ကော်မရှင်နှင့် တရုတ်အကြား အနာဂတ်တွင် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်များ နှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
"အပြီးသတ် ဆုံးဖြတ်ချက် မချခင်မှာ စောင့်ကြည်ရမှာပါ။ လက်ရှိ အနေအထားကိုကြည့်ပြီး ကောက်ချက်ချလို့ မရသေးပါဘူး။ EU နဲ့ တရုတ် နှစ်ဖက်စလုံးက သူတို့အသာစီးရဖို့ပဲ ကြိုးစားနေကြတာပါ" ဟု အမည်မဖော်လို သည့် ဥရောပသမဂ္ဂထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန်များ တိုးမြှင့်ကောက်ခံမည့်အကြောင်း ဥရောပကော်မရှင်က ဇူလိုင် ၄ ရက်တွင် ကြေညာခဲ့ပြီးနောက် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သည်ကြီးများအသင်းနှင့် တရုတ်ကား ကုမ္ပဏီများသည် EU ၏ အစီအစဉ်ကို စောဒကတက်ခဲ့ကြသည်။
တရုတ်ကားကုမ္ပဏီများကလည်း ဥရောပသမဂ္ဂ အနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းသည့် လျှပ်စစ်ကား များကိုလည်း သွင်းကုန်အခွန်များ အလားတူ ကောက်ခံရန် တောင်းဆိုခဲ့သည်။
Source: SCMP