CNI International News

ဟောင်ကောင်၊ ဧပြီ ၁၂

ဥရောပဆိပ်ကမ်းများတွင် တင်သွင်းဝယ်ယူထားသည့် မော်တော်ယာဥ်များသည် အများအပြားစုပုံနေပြီး ဆိပ်ကမ်းများကို ကားပါကင်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထို့နောက် ကားထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများသည်  ဝယ်လိုအား ကျဆင်းမှု၊ ထိုကားများကို သယ်ယူပို့ဆောင်ပေးသည့် ထရပ်ကား ယာဥ်မောင်းများ ရှားပါးမှုတိုဖြင့် ရုန်းကန်နေရသည်ဟု AFR သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်လျှပ်စစ်ကားများ စုပုံဝင်ရောက်လာခြင်းသည် ပြဿနာဖြစ်စေသည့် အဓိက အကြောင်းရင်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဆိပ်ကမ်းနှင့် ကားလုပ်ငန်း အမှုဆောင်အရာရှိများက ပြောကြားခဲ့သည်။

နောက်ထပ် ပြဿနာများအနက် ကားထုတ်လုပ်သူများသည် ၎င်းတို့၏ ကားများကို သယ်ယူပို့ဆောင်ပေးရန် ကားများကို တင်ဆောင်သည့် ထရပ်ကားများအား မောင်းနှင်မည် ယာဥ်မောင်းများ ရှားပါးခြင်းလည်း ပါဝင် နေခြင်းဖြစ်သည်။

တရုတ်ထုတ် လျှပ်စစ်ကားတွေကို ဆိပ်ကမ်းမှာတွေ့ရစဉ်

"ကားဖြန့်ဖြူးရောင်းချသူတွေဟာ ဆိပ်ကမ်းက ကားပါကင်တွေကို ဂို‌ထောင်တွေအဖြစ် အသုံးပြုတာတွေ မြင့်တက်လာပါတယ်"ဟု ဥရောပတွင် ကားများတင်သွင်းမှု အများဆုံးဖြစ်သည့် ဘယ်လ်ဂျီယံနိုင်ငံ  Zeebrugge မြို့ရှိ  Antwerp-Bruges ဆိပ်ကမ်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

"ကားပွဲစားတွေဆီမှာ ကားတွေ စုပုံနေရမယ့်အစား ကားတွေဟာဆိပ်ကမ်းတွေမှာ စုပုံလာပါတယ်။ ကားတွေ တင်သွင်းတဲ့ ဆိပ်ကမ်းကြီးတွေ အားလုံးဟာ အဲဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်"ဟု Antwerp-Bruges ဆိပ်ကမ်းအာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော် မည်သည့်နိုင်ငံမှ တင်သွင်းသည့် ကားများဖြစ်သည် ဆိုခြင်းကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။

ကားလုပ်ငန်းမှ အလုပ်အမှုဆောင်အချို့ကမူ တရုတ်၏ ကားထုတ်လုပ်သူများသည် ၎င်းတို့၏ ကားများကို ဥရောပတွင် မျှော်မှန်းထားသလောက် လျင်မြန်စွာ မရောင်းချနိုင်ခဲ့ဘဲ တရုတ်ကားများသည် ဥရောပဆိပ်ကမ်း များသို့  ဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ထုတ် လျှပ်စစ်ကားတွေကို ဆိပ်ကမ်းမှာတွေ့ရစဉ်

"တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူတွေဟာ ဆိပ်ကမ်းတွေကို ကားပါကင်တွေလို အသုံးချနေပါတယ်" ဟု ကားတင်သွင်းသည့် မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်လျှပ်စစ်ကား အမှတ်တံဆိပ်အချို့သည် ဥရောပဆိပ်ကမ်းများတွင် ၁၈ လအထိ သောင်တင်နေပြီး အချို့ဆိပ်ကမ်းများက ကားတင်သွင်းသူများကို ကားများ ဦးတည်သွားရောက်မည့် လမ်းကြောင်းကို ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း ကားလုပ်ငန်း အလုပ်အမှုဆောင်များက ပြောကြားခဲ့သည်။

"ဒါက ပရမ်းပတာ အခြေအနေ ဖြစ်ပါတယ်" ဟု အခြား ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

Source: AFR