CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မိုင်းလားနယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည် တင်ဆောင် ရန်အတွက် ကုန်တင်ကား ငှားရမ်းရ ခက်ခဲလာနေသည်ဟု ကုန်သည်များထံမှ သိရသည်။

ကုန်တင်ကားများသည် မိုင်းလားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ကားအစီးရေ ရာနှင့်ချီ၍ ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ကုန်သွယ်ရေးလမ်းကြောင်းတွင် ပိတ်မိနေခြင်းကြောင့် ကုန်စည်များ ထွက်ရှိရာ ဒေသများနှင့် ပွဲရုံများမှ ကားငှားရမ်းရာတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

“ကုန်ကားတွေ ငှားရမ်းရ အရမ်းခက်နေတယ်။ ဘယ်ဘက်မှ သွားနေတာ မဟုတ်ဘူးလေ။ အဓိကကတော့ လမ်းကြောင်းကြန့်ကြာနေတဲ့အတွက်က ပြောချင်တာက ကျောက်ဖြူကိုသွားနေတဲ့ကားက မူဆယ်ကို မသွား ဘူးလေ။ ရန်ကုန် - မန္တလေး ဆွဲနေတဲ့ကားကလည်း မူဆယ်ကို မသွားဘူး။ တရုတ်ပြည်ကို သွားနေတဲ့ကားက သူ့ဟာနဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ သွားနေတဲ့ကားတွေပဲ။ ဒါက ကုန်ကားတွေသည် မြန်မာတစ်နိုင်ငံလုံး ပတ်သွားနေတာ မဟုတ်ဘူး။ သူ့လမ်းကြောင်းနဲ့သူ သွားကြတာလေ။ အခုလက်ရှိဖြစ်နေတာက တောင်ပေါ်မှာ မိုင်းလားဘက်ရော ကားတွေက အရမ်းကြာပြီး ပိတ်မိနေလို့ တောင်ပေါ်မှာ အစီး ၄/၅/၆၀၀ လောက် ပိတ်မိ နေတာ။ ပြန်ဆင်းလာလို့လည်းမဖြစ်၊ ကုန်တွေနဲ့ဆိုတော့လေ။ အဲဒါကြောင့် ဒီအောက်မှာ လာပြီးတော့ ကုန်ကား ခေါ်ရ အရမ်းခက်နေတယ်” ဟု ပြောသည်။

ထို့နောက် ရှမ်းမြောက်တိုက်ပွဲကြောင့် မူဆယ်၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် စသည့် နယ်စပ်ကုန်သွယ်ရေးများ ပိတ်သွားသည့်အတွက် ကုန်စည်ပို့ဆောင်နေသည့် မြန်မာကုန်တင်ကား အများအပြားသည် တရုတ်နိုင်ငံ၌ ပိတ်မိနေမှုများလည်း ရှိနေသည်။

ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့်လည်း လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်တွင် ကုန်တင်ကားများ ပိတ်မိနေမှုများလည်း ရှိနေပြီး ကုန်စည်ပျက်စီးမှုများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် ကုန်ကားများ တန်းစီသွားလာနေစဉ်

ကုန်ကားငှားရမ်းမှု ခက်ခဲလာခြင်းနှင့်အတူ ကားခဈေးနှုန်းများမှာလည်း ကြီးမြင့်လာကြောင်း၊ တချို့သော ကုန်ကားများသည် နယ်စပ်ကုန်သွယ်ရေးသို့ မသွားဘဲ မန္တလေးနှင့် ရန်ကုန်ဘက်သို့ သွားရောက်မှုများလည်း ရှိနေသည်ဟု တာချီလိတ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုက ဖရဲသီးကားတွေပဲတင်နေတော့ ပြောင်းကို သိပ်လာမတင်လို့ ကားတွေက ရှားနေလို့ ကားတွေ လုနေရလို့ ဈေးတက်တယ်။ တစ်အိတ်ကို တင်ခက ကျပ် ၁ သောင်း။ တောင်ကြီးကနေ တာချီလိတ်ကိုတင်တာ အခုက တစ်အိတ်ကို ကျပ် ၁၂၀၀၀ တောင် တင်မယ့်သူ မရှိတော့ဘူးထင်တယ်။ တောင်ကြီးပြောင်းတွေ တာချီလိတ် လာလို့မရဘူးလေ။ ကားခဈေးကြီးလို့။ မန္တလေးဘက်ပဲ သွားတယ်၊ မန္တလေး - ရန်ကုန်” ဟု ပြောသည်။

တိုက်ပွဲများ မဖြစ်ပွားခင်နှင့် နယ်စပ်ကုန်သွယ်ရေး မပိတ်ခင်ကာလတွင် မူဆယ်သို့ ကုန်စည်တင်ဆောင်ရာတွင် ကုန်တင်ကား ငှားရမ်းခသည် ငွေကျပ် သိန်း ၃၀ မှ သိန်း ၅၀ ကြားသာရှိသော်လည်း လက်ရှိ မူဆယ် နယ်စပ် ပိတ်ထားခြင်းကြောင့် တခြားသော လမ်းကြောင်းများမှ သွားရာတွင် ကားခသည် သိန်း ၁၀၀ အထက်သို့ ရောက်ရှိနေပြီဖြစ်သည်။

အလားတူ မန္တလေးမှတဆင့် ရန်ကုန်သို့ ကုန်စည်တင်ဆောင်ရာတွင်လည်း ကုန်တင်ကားခ ဈေးနှုန်းများသည် ၂ ဆခန့် မြင့်တက်လျက်ရှိသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

“လမ်းကြောင်းတွေလည်း မတူဘူးလေ။ မနှစ်ကကျတော့ မူဆယ်လမ်းကို သွားနေတဲ့အချိန်မှာ ကားခက သိန်း ၃၀ ဆိုတာ ၃၅ အလွန်ဆုံးမှ သိန်း ၅၀ ကအကုန်ပဲ။ အခုက သိန် ၁၁၀၊ သိန်း ၁၁၅ သိန်း ဖြစ်လာတာလေ။ အရင်တုန်း က မန္တလေး - ရန်ကုန်က ကားခက ၁၀ သိန်းလောက်ဆိုရင် သွားပြီလေ ၁၂ ဘီးတစ်စီးက။ သွားနေကြပြီ၊ ခေါ်လို့ ရပြီပေါ့နော် ကားက။ ဒီနေ့ ဒီအချိန်မှာ ၁၅ သိန်း၊ သိန်း ၂၀ လောက် ဖြစ်နေပြီလေ။ တချို့နေရာတွေဆို ၂၁ သိန်း တောင် ပေးနေရပြီ။ မတ္တရာကနေ တင်မယ်ဆိုရင် ၂၁ သိန်းတောင် ရှိတယ် မန္တလေး - ရန်ကုန်” ဟု ပြောသည်။

ယခင်က ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် သွားလာနေကြသည့် ကုန်တင်ယာဉ်များသည် လက်ရှိတွင် တခြားသော လမ်းကြောင်းအသစ်များသို့ သွားရန်အတွက် ပြင်ဆင်မှုများ ရှိနေသော်လည်း တခြားသောလမ်းကြောင်းများမှာလည်း နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက်  အဆင်မပြေမှုများ ဖြစ်ပေါ် နေကြောင်း၊ တချို့သော ကုန်တင်ကားများသည် လမ်းကြောင်းတိုသည့် နေရာဒေသများသို့သာ သွားနေရခြင်းများ ရှိသလို ရပ်နားနေရသည့် ကုန်တင်ကားများလည်း အမြောက်အများ ရှိလာနေသည်။