CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

မလေးရှားနိုင်ငံ၌ ရီကာလီဘရာစီပါမစ် (RTK 2.0) လျှောက်ထားသူများထဲမှ လက်ဗွေမနှိပ်လိုက် ရသူများအား တရားမဝင်အဖြစ် မလေးရှားအာဏာပိုင်များမှ သတ်မှတ်ကြောင်း မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရီကာလီဘရာစီပါမစ် စတစ်ကာများ ထုတ်ပေးရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လက်‌ဗွေနှိပ်ခြင်းအား ပြီးခဲ့သည့် မတ်လကုန်အထိ ဆောင်ရွက်ခွင့် ပြုထားခြင်း ဖြစ်သော်လည်း လက်ဗွေမနှိပ်လိုက်ရသည့် မြန်မာနိုင်ငံသား အများအပြားရှိကြောင်း ၎င်းက ပြောသည်။

ဦးဘာဘူကြီးက “ပြီးခဲ့တဲ့ ၃ လပိုင်း နောက်ဆုံးရက်မှာပဲ သူတို့က လက်ဗွေနှိပ်တာကို ပိတ်လိုက်ပြီလေ။ အဲဒီမှာ လက်ဗွေမနှိပ်ရ သေးတဲ့သူတွေလည်း အများကြီးရှိသလို RTK စာရင်းသွင်းထားတဲ့ နေရာမှာလည်း စာရွက်အတု တွေထုတ်လုပ် ပြီးတော့ ငွေလိမ်သွားတဲ့ ပြဿနာတွေလည်း ပေါ်လာပါတယ်။ ဒီမလေးရှား အစိုးရကလည်း တရားဝင် ကြေညာ ထားပြီးပါပြီ။ ဒီ ၃၁ ရက်နေ့ နောက်ဆုံးမှာ လက်ဗွေမနှိပ်ရသေးတဲ့သူမှန်သမျှ RTK မှာ register တင်ထားပေမယ့်လည်း လက်ဗွေမနှိပ်ရသေးတဲ့ အတွက်ကြောင့် သူတို့ကို အားလုံး တရားမဝင် နေထိုင် သောသူ ဆိုပြီးတော့ တရားဝင် ကြေညာထားတာ ရှိပြီးပါပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှား လ၀ကမှာ ရွှေ့ပြောင်းလုပ်သားတွေ လက်ဗွေနှိပ်သက်သေခံပါမစ်လုပ်နေကြစဉ်

လက်‌ဗွေ မနှိပ်လိုက်ရသေးသူ အများအပြားရှိသော်လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမှ ၎င်းအတည်ပြု ခြင်း လုပ်ငန်းစဉ်အား မတ်လကုန်တွင် အပြီးသတ်မည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးခွင့်ပေးမည် မဟုတ်ကြောင်း ယခင်ကတည်းက ပြောကြားထားခြင်း ဖြစ်သည်။

မလေးရှားအာဏာပိုင်များက နိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းများအား ပါမစ်ပြုလုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် ပါမစ်မှတ်ပုံတင် စာရင်းပေးသွင်းသူ ဦးရေအား မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အတိအကျ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပါမစ်မှတ်ပုံတင် စာရင်းမပေးသွင်းလိုက်ရသူ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်းလည်း သုံးသပ်ကြသည်။

အဆိုပါ ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများအား ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေး သွားမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား CI အစီအစဉ်ဖြင့် နေရပ်ပြန်ခွင့် ပြုထားသော်လည်း နေရပ်ပြန်သည့် မြန်မာနိုင်ငံသားဦးရေမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ၂၀ ဦးခန့်သာ ရှိကြောင်း မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

 မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ထို့အပြင် မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့်လအထိ အဖမ်းအဆီးများကြောင့် အလုပ်အကိုင် ရှားပါးခြင်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိ၌ အလုပ်အကိုင်ရရှိမှု အနည်းငယ် အဆင်ပြေလာကြောင်း ၎င်းက ဆက်ပြော သည်။

ဦးအောင်က “အရင် ၃ လပိုင်း မတိုင်ခင်နဲ့ ၃ လပိုင်းအထိကတော့ အလုပ်အကိုင်တွေ အရမ်းကြပ်တယ်။ ဘာလို့ဆို ဒီမလေးရှားရဲက ဒီအလုပ်သမားကို ဖမ်းမိတယ်ဆိုရင် အဲဒီအလုပ်သမားကို လက်ခံတဲ့ သူဋ္ဌေးကိုပါ ဒဏ်ငွေ ရိုက်တာကို။ သူဋ္ဌေးပါ တစ်ခါတစ်လေ အဆင်မပြေဘူးဆိုရင် တစ်ပတ်ဖြစ်ဖြစ် နှစ်ပတ်ဖြစ်ဖြစ် ဖမ်းချသွားတာ။ အဲဒါပြီးသွားမှ တစ်ယောက်ကို မလေးငွေ ၁၀,၀၀၀၊ ၃၀၀၀ ပတ်ဝန်းကျင်နဲ့ ဒဏ်ငွေရိုက်ပြီး သူဋ္ဌေးကို ပြန်လွှတ် တာဆိုတော့ ဘယ်သူဋ္ဌေးမှ လက်မခံရဲဘူး။ အခု ၃ လပိုင်း ၃၁ ရက် နောက်ပိုင်း ကျော်လွန်သွားတဲ့ အခါမှာတော့ complain တက်တာလောက်ပဲ လာတော့တာ အရင်လို သတ်မှတ်ချက်အတိုင်း တစ်နေ့ကို ဘယ်နှယောက် ရရမယ်၊ ဘယ်စက်ရုံ ဘယ်ကိုသွားရမယ်ဆိုတာတွေ အဲဒီဟာ အစီအစဉ်တွေ မရှိသလောက် နည်းသွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများအား ဇွန်လကုန် နောက်ဆုံးထား၍ ထုတ်ပေးမည် ဖြစ်သည့်အပြင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား နေရပ်ပြန်ခွင့်ပြုထားခြင်း တို့ကြောင့် နှစ်လယ်ပိုင်းခန့်တွင် အဖမ်းအဆီးများ ပြန်လည် များပြားလာနိုင်ဖွယ် ရှိကြောင်းလည်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။