CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

မလေးရှားနိုင်ငံတွင် ပါမစ်လျှောက်ရန်အတွက် အမည်စာရင်း စတင်ပေးသွင်းနိုင်သည့်ရက်အား ကြေညာပြီး နောက်တွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ နည်းပါးလာကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ရီကာလီဘရာစီပါမစ် (RTK) လျှောက်ရန်အတွက် အမည်စာရင်းတင်ပေးသွင်းနိုင်မည့်ရက်အား မကြေညာခင် ရှေ့ပိုင်းကာလများတွင် စီမံချက်ဖြင့် အဖမ်းအဆီးမှာ အများအပြားရှိခဲ့ပြီး မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ရီကာလီဘရာစီပါမစ် (RTK) လျှောက်ထားရသည့် နေရာ

မလေးရှားတွင် နေထိုင်လျက်ရှိသည့် မညို့က “သူတို့ကို အဖမ်းပြလိုက်လို့ရှိရင် ဒီ အိုသမားတွေကို မထားရဲ တော့ဘူး။ သူဌေးတွေလည်း မဖြစ်မနေပါမစ်တွေတင်ရတော့မယ်လေ အားလုံးကိုလေ။ ဟန်ပြပုံစံမျိုးပေါ့ ဖမ်းပြတာပေါ့။ အခုက သူတို့တွေက ပါမစ်တွေ ချပေးမယ်လို့ ပြောထားတယ်လေ။ ပါမစ်တွေဘာညာချပေးမယ် ပြောထားတော့ အဖမ်းအဆီးတော့ နည်းသွားပြီ။ အခုတော့ အမှန်တွေ ဝင်လာတော့ အိုသမားတွေကြတော့ အလုပ်နည်းနည်းရှားလာတယ်။ လူတွေက များလာပြီလေ အခု။ အရင်ကဆို အလုပ်မရှိတော့ သူဌေးတွေက အိုသမားကို ခေါ်တာများတယ်။ အဓိက ခေါ်တယ်ပေါ့။ calling နဲ့ လာတဲ့လူများလာတော့ အိုသမားတွေ နည်းနည်းလေးတော့ အလုပ်ရှားလာတယ်။ အရင်ကဆိုရင် အလုပ်ဈေးကောင်းတယ်။ အခု အမှန်တွေ လာပြီ ဆိုတော့ အလုပ်သမားတွေ ဈေးနည်းနည်းကျတာပေါ့။ အိုသမားတွေတော့ အခက်အခဲအများကြီး ရှိတာပေါ့။ အိုသမားတွေကို ခိုင်းရင် သူဌေးက ဒဏ်ငွေ ဆောင်ရတယ်။ သူတို့ စက်ရုံကို မသင်္ကာလို့ လာစစ်ရင် အိုသမားတွေ တွေ့ရင် ဖမ်းပေါ့။ သူဌေးပါ ဒဏ်ငွေဆောင်ရတယ်။ သူတို့က သတ်မှတ်ထားပြီးတယ်လေ။ သူတို့ပါမစ်ချပေးတာကို သူဌေးကမလုပ်ဘူးဆိုရင် တကယ်လို့ အော်ပရာစီဝင်မယ်ဆိုရင် ဖမ်းတာပေါ့” ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရီကာလီဘရာစီပါမစ်(RTK) လျှောက်ရန်အတွက် အမည်စာရင်းပေးသွင်းခြင်းအား ဇန်နဝါရီ ၂၇ ရက်မှ စတင်ပေးသွင်းနိုင်ခြင်းဖြစ်ပြီး သတ်မှတ် ကာလမှာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ တရားဝင်ထုတ်ပြန်ထား သည်။

လက်ရှိတွင် စီမံချက်ဖြင့် ဖမ်းဆီးမှုမှာ နည်းပါးသွားသော်လည်း ဆူညံမှုများပြုလုပ်သည့်အတွက် တိုင်ကြားမှု များရှိပါက လာရောက်ဖမ်းဆီးခြင်းသည် ပုံမှန်အတိုင်း ရှိနေကြောင်းနှင့် လက်ရှိတွင် အဖမ်းအဆီး နည်းနေသည့် အတွက် ပါမစ်မပြုလုပ်ဘဲ မနေကြရန်လည်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာန သို့ပြောသည်။

မလေးရှား အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနေစဉ်

မလေးရှားတွင် နေထိုင်သူ မွှားမိုက်ကယ်က “လက်ရှိ စာအုပ်ရှိထားတဲ့လူတွေကတော့ ပါမစ် ကပ်စေချင်တာပေါ့။ အဖမ်းအဆီးနည်းတယ်ဆိုပေမယ့် ကိုယ့်ဘက်က ပြည့်စုံအောင်ရှိထားတဲ့အတွက် ပိုပြီးတော့ အဆင်ပြေတာ ပေါ့နော်။ အိုသမားတွေအတွက်က (Overstay) သူက အချိန်မရွေးဖမ်းလို့ရနေတာဆိုတော့။ လက်ရှိကတော့ အဖမ်းအဆီးက သိပ်ပြီးတော့ မဖမ်းတော့ပါဘူး။ နှစ်ကူးမတိုင်ခင်လောက်ကတော့ နည်းနည်းလေး ဖမ်းတယ် ပေါ့နော်။ အခုက မလေးရှားမှာက ဖမ်းတယ်ဆိုတာကလည်း complain ရှိမှပေါ့နော်။ complain ရှိတယ်ဆိုတာ ရပ်ကွက်ထဲမှာ ဆူညံတာတို့၊ လူတွေအများကြီး အုပ်စု အုပ်စုနဲ့ ညဘက် လျှောက်သွားတာတို့ ဒီလောက်ပဲ။ အဲဒါကိုပဲ သူတို့က ဖမ်းတာပါ။ လက်ရှိမှာ ငြိမ်နေတယ်။ ကျနော်ထင်တာက ကမ့်ထဲတို့ ထောင်ထဲတို့မှာ ထားစရာ နေရာ သိပ်မရှိတော့ဘူးလို့ ထင်တယ်။ ကမ့်တွေကလည်း ဒီမှာက နည်းတယ်လေ။ ၁၁ ခု ရှိတာ အဲဒီ ၁၁ ခုလည်း ပြည့်နေလောက်ပြီ။ အထူးသဖြင့်ကတော့ ငြိမ်ငြိမ်လေးနဲ့ အေးအေးဆေးဆေးလေး နေတဲ့လူတွေကတော့ သိပ်ပြီး တော့ အဖမ်းအဆီး မရှိပါဘူး။ အဲဒီလိုမျိုး ဆူဆူညံညံနဲ့ ရပ်ကွက်ထဲမှာ Box တွေဖွင့်တာတို့၊ သီချင်းတွေဆိုတာတို့ ဘာတို့ ပတ်ဝန်းကျင်က complain တက်ရင်သာ လာဖမ်းတာပဲ ရှိတာ။ ပါမစ်ထုတ်ပေးတာတော့ ကောင်းပါတယ် အလုပ်သမားတွေအတွက်” ဟု ပြောသည်။

ထို့ကြောင့် မလေးရှားနိုင်ငံတွင် လက်ရှိ၌ သတ်မှတ်ကာလကျော်လွန်နေထိုင်လျက်ရှိသည့် မြန်မာ Overstay သမားများအနေဖြင့်လည်း ၎င်းပါမစ်အား လျှောက်ထားသင့်ကြောင်း မလေးရှားရှိ မြန်မာများက အကြံပြုသည်။

ယခုအခါတွင် ပြန်ဖွင့်ပေးသည့် ရီကာလီဘရာစီပါမစ်(RTK)အား လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစား ၈ မျိုးနှင့် လျှောက်ထားခွင့် မရှိသည့် လုပ်ငန်းအမျိုးအစား ၅ မျိုးဟူ၍ သတ်မှတ်ထားသည်။

ပါမစ် လျှောက်ထားနိုင်သည့် လုပ်ငန်း ၈ မျိုးမှာ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ကျောက်မိုင်း များ၊ လုံခြုံရေးအစောင့်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ စိုက်ခင်း၊ နိုင်ငံခြား အိမ်အကူတို့ဖြစ်ပြီး ထိုနိုင်ငံ ခြား အိမ်အကူအား ယခုနှစ်၌ ကဏ္ဍအသစ် ထည့်သွင်းထားခြင်းဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားခွင့်မရှိသည့် လုပ်ငန်း ၅ မျိုးမှာ အထည်အလိပ်လုပ်ငန်း၊ ပန်းထိမ်၊ ဆံပင်ညှပ်၊ လူမှုဖူလုံရေး၊ စွန့်ပစ် ပစ္စည်း ပြန်လည်အသုံးပြုထုတ်လုပ်ရေးလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။