CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

မလေးရှားတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား တရားမဝင်များအား အော်ပရီစီဖြင့် ဖမ်းဆီးရာတွင် အထူးရဲတပ်ဖွဲ့ ဝင် အင်အားများအသုံးပြု၍ ဖမ်းဆီးလာနေကြောင်း မလေးရှား၌ ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်အရေး ကူညီ ဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အထူးရဲတပ်ဖွဲ့ဝင် အင်အားများ အသုံးပြု၍ ဖမ်းဆီးလာခြင်းသည် မလေးရှားရဲချုပ်အသစ် ပြောင်းလဲပြီး နောက်တွင် စတင်လာခြင်းဖြစ်ကာ ယခုလက်ရှိတွင် အဖမ်းအဆီးများမှာ နေ့စဉ်နှင့်အမျှ ဆက်တိုက်ရှိနေကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် သွားရောက် ဖမ်းဆီးမည့် ပစ်မှတ်အား အရာရှိကြီးများမှ စနစ်တကျ ကြိုတင်ပြင်ဆင် ပြီးမှ သာ အော်ပရီစီ ဝင်ဖမ်းခြင်းဖြစ်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိပြီး မြန်မာများအား ကူညီဆောင်ရွက် ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှား လုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ်

၎င်းက “မူဝါဒအပြောင်းအလဲ ရယ်ကြောင့်လို့တော့ မဟုတ်ပါဘူး။ လူဦးရေ အရမ်းများလာတယ်ပေါ့။ လာတဲ့ လူတွေရော၊ ပြီးရင် အလုပ်မဲ့ အကိုင်မဲ့တွေလည်း တော်တော်များလာတယ်။ နောက်ပိုင်းတွေမှာ တွေ့လာရတာက မြန်မာလူမျိုးတွေချည်းပဲ တော်တော် လမ်းဘေးမှာလည်း သူတို့ပဲတွေ့ရတယ်။ မြန်မာတွေက လုပ်ငန်းကိုင်ငန်း တွေ တော်တော်လေး ခက်ခဲတဲ့ အချိန်မျိုးလည်း ရောက်လာတယ်။ မြန်မာပြည်ထဲက ရှိသမျှ လူတွေကလည်း မလေးဘဲ ဝင်လာကြတော့ လုပ်ငန်းတွေက တအားရှားသွားပြီ။ ရှားသွားတဲ့ အနေအထားမျိုးမှာ ဒီလူဦးရေ တအား များလာတယ် အဲဒါကြောင့်ပဲ ဖမ်းဆီးနေတာ ဖြစ်တယ်။ အဖမ်းအဆီးတွေ တော်တော် စိပ်နေတယ်။ လူနေ အဆောင်တွေ၊ လူနေအိမ်တွေ အထိတောင် လိုက်ပြီးတော့ ဖမ်းနေတာတွေ တွေ့ရတယ်။ အရင်တုန်းက ဆိုရင် သူတို့အောက်ကလူတွေကြီးပဲ ဖမ်းတာ immigration ပေါ့၊ လ.ဝ.ကတွေချည်းပဲ ဖမ်းတဲ့အခါကျရင် Overstay ကို ကိုင်ထားတဲ့ ပွဲစားတွေရှိတယ်။ လခတွေလည်း သူတို့လက်ကနေပဲ run တာလေ ပေးတာဆိုတော့ သူတို့နဲ့ လ.ဝ.ကနဲ့ ညှိပြီးတော့ ပြန်ထွက်တာတွေ ရှိတယ်။ ပြန်ထွက်တာတွေ ရှိတဲ့အတွက် လာဘ်စားမှု တိုက်ဖျက်ရေး ဆိုပြီးတော့ အထူးကွန်မန်ဒိုအဖွဲ့က သူတို့ကိုယ်တိုင် ဆင်းပြီးတော့ ဦးစီးပြီးတော့မှ ဒါကို ဖမ်းတာ ဖြစ်တယ်။ အခု က RTK register လုပ်ထားတဲ့ လူတွေကြတော့ ဖမ်းမသွားဘူးလေ။ အခုမှ လာတဲ့လူတွေ၊ စာအုပ် လက်ဝယ် မရှိ ဘဲနဲ့ register လုပ်ထားတဲ့ လူတွေလောက်ပဲ တွေ့ရတယ်” ဟု ပြောသည်။

ဖမ်းဆီးမှုအနေဖြင့် မနက်ခင်း အချိန်များတွင် အရပ်ဝတ်များဖြင့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ရှိတတ်သည့် နေရာများသို့ လိုက်လံကြည့်ရှု၍ ညဘက်၌ ဝင်ရောက်စီးနင်းခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးမှု မတူညီသော်လည်း ပြစ်ဒဏ်ကျခံရမှုမှာ ယခင်အတိုင်း ပြစ်ဒဏ်အပေါ် မူတည်ကာ ၆ လ သို့မဟုတ် ၄ လသာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိ၌ ဒုက္ခသည်အရေး ကိစ္စများနှင့်ပတ်သက်၍လည်း UNHCR နှင့် မလေးရှားအစိုးရတို့ ညှိနှိုင်း ဆောင်ရွက်ပြီး မူဝါဒတစ်ခု ချမှတ်နိုင်ရန်အတွက် တောင်းဆိုမှုများရှိကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းများကို မလေးရှားအာဏာပိုင်များ ဖမ်းဆီးနေစဉ်

၎င်းက “ဒီအစိုးရက တရားမဝင် ဝင်ရောက်တဲ့ လူတွေကို ပြန်ပြီးတော့ လက်ခံတာ တရားဝင်လုပ်ပေးတဲ့ ပါမစ်တွေ လျှောက်ခိုင်းတယ်။ အဲဒီပါမစ်တွေကလည်း မေလ ၃၁ ရက်မှာ ပိတ်သွားပြီဆိုတော့ အဲဒါတွေလည်း ပါမယ်နဲ့တူ တယ်။ တရားမဝင်တွေကို သိပ်ပြီးတော့ ရဲချုပ် အပါအဝင် ဝန်ကြီးဌာနက သိပ်ပြီး သဘောမကျဘူးနဲ့ တူတယ်။ UNHCR ကိုလည်း ကျနော်တို့က ချည်းကပ်ပြောဆိုတာရှိတယ်။ ဒီအစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်လို့ ရမလဲ ပေါ့။ UNHCR ကလည်း UNHCR၊ မလေးရှား အစိုးရကလည်း မလေးရှားအစိုးရ ဘယ်လိုပြောရမလဲ ဆိုတော့ တံတားတစ်လမ်း၊ သံတစ်လမ်း သွားနေလို့ မဖြစ်ဘူး။ 

နောက်တစ်ခုက UNHCR ကို အသိအမှတ် ပြုပြီးတော့ UNHCR ကတ် ကိုင်ထားတဲ့လူတွေကို အလုပ်လုပ်ခွင့်တို့၊ သွားလာနေထိုင်ခွင့်တို့၊ တချို့ဆို မြန်မာနိုင်ငံကို ပြန်လို့ မရတဲ့ လူတွေ အများကြီး ရှိတယ်လေ နိုင်ငံရေးကြောင့်ပေါ့။ ဒါပေမယ့်လည်း ချထားတဲ့ မူဝါဒက ထွက်မလာသေး ဘူး။ ဒီကြားထဲမှာ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ ခန့်မှန်းရခက်တယ်။ ဒီကြားထဲမှာတော့ အဖမ်းအဆီးတွေ၊ နေရပ်ပြန်ပို့တာတွေ ရှိနေဦးမယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် မြန်မာနိုင်ငံသား Overstay သမား အများအပြား ရှိသောကြောင့် မလေးရှားလေဆိပ်သို့ အလည်ဗီဇာဖြင့် တိုက်ရိုက် ဝင်ရောက် လာကြသူများထဲတွင် မြန်မာနိုင်ငံသားများအား ပိုမို စစ်ဆေးလာနေ ကြောင်းလည်း သိရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိနေထိုင်ရာ ဒေသတွင် တစ်စုံ တစ်ရာ ပြဿနာမရှာကြရန်နှင့် အသွား၊ အလာများကိုလည်း ယခင်ကထက် ပိုမိုဂရုစိုက်ကြရန် မလေးရှားတွင် ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။