CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀

မလေးရှားနိုင်ငံတွင် လာမည့်နှစ်ကုန်ပိုင်း၌ အဖမ်းအဆီးများ ပိုမိုစိပ်လာနိုင်ကာ ယခင်ထက် ပိုမိုကြမ်းလာနိုင်ဖွယ် ရှိကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားဦးရေမှာ ယခင်ထက် ပိုမိုများပြား ထူထပ် လာသောကြောင့်လည်းကောင်း၊ ဒီဇင်ဘာလကုန်တွင် ရီကာလီဘရာစီပါမစ် လျှောက်ခွင့်ပေးထားသည့် ကာလ ကုန်ဆုံးမည်ဖြစ်သောကြောင့်လည်းကောင်း ပြီးခဲ့သည့်နှစ်များထက် အဖမ်းအဆီး ပိုမိုကြမ်းလာနိုင်ဖွယ် ရှိသည်ဟု မလေးတွင် မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာန သို့ ပြောသည်။

“ပြီးခဲ့တဲ့နှစ်တွေ အတိုင်းအတာထက်စာရင်တော့ ဒီနှစ်က လူဦးရေလည်း တော်တော်လေး ထူလာတယ်။ လုပ်ငန်း ရှားပါးမှုရော တော်တော်လည်း ရှားပါးလာတဲ့အတွက် ဒီနှစ်ကတော့ တော်တော်ကြမ်းဖို့တော့ ရှိတယ်။ ကျနော် ထင်တာကတော့ တစ်နိုင်ငံလုံးအနေအထားအရပေါ့ တစ်နိုင်ငံလုံးကို Clear လုပ်ဖို့ သူတို့မှာ အစီအစဉ် ရှိတယ်။ အများစုကတော့ အိုသမားတွေအနေနဲ့ စိုက်ပျိုး‌ရေးတွေမှာ တောထဲတွေမှာ လုပ်နေရတော့ နည်းနည်း လုံခြုံတာ ပေါ့။ ကျန်တဲ့နေရာကတော့ သူတို့ ဥပဒေအရ သတင်းရတဲ့ နေရာဒေသတွေကတော့ အကုန်လုံး အော်ပရာစီဝင်ဖို့ အနေအထားရှိတာပေါ့” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် လမ်းပေါ်ရှိ ယာဉ်များကို တားဆီးစစ်ဆေးနေစဉ်

မလေးရှားနိုင်ငံတွင် အဖမ်းခံရပါက လူဝင်မှုကြီးကြပ်ရေး ကမ့်စခန်းများသို့ အပို့ခံရကာ ပြစ်မှု၊ ပြစ်ဒဏ်များ ကျခံရကြောင်း၊ ထိုသို့ ကျခံပြီးသူများထဲမှ လေယာဉ်လက်မှတ်ခ ပေးနိုင်သူများကိုသာ မြန်မာနိုင်ငံသို့ လေကြောင်း လိုင်းဖြင့် ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။

လက်ရှိမလေးရှားနိုင်ငံအခြေအနေသည် ယခင်နှစ်များထက် လူဦးရေဖောင်းပွပြီး အလုပ်အကိုင်များလည်း ရှားပါး သဖြင့် နေရထိုင်ရ ပိုမိုကျဉ်းကြပ်ခက်ခဲလာကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

မလေးတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “သိပ်မကြာတော့ပါဘူး ဒီတစ်လပဲ ကျန်တော့ပါတယ်။ ၁၂ လပိုင်းပြီးလို့ ၂၀၂၄ ထဲ ဝင်လာလို့ရှိရင် မလေးရှားအစိုးရက ကြေညာချက် တစ်ခုမဟုတ်တစ်ခု ထုတ်ပြန်ကို ထုတ်ပြန်ပါလိမ့်မယ်။ ပါမစ်ဖွင့်ထားတာကို ပြန်ပိတ်လိုက်တဲ့အချိန်မှာ ဘာတွေ ဘယ်လို သူတို့ စည်းမျဉ်းဥပဒေအသစ် ဘယ်လိုချမှတ်မယ်ဆိုတာ သူတို့ ထပ်ကြေညာဦးမှာပါ။ အဲဒီတော့ ဒီ ကြားကာလထဲမှာ ကိုယ့်ရှိတဲ့အလုပ်နဲ့ သည်းညည်းခံ လုပ်ပြီးတော့ စောင့်ဆိုင်း နားထောင်စေချင်ပါတယ်။ မလိုအပ်ရင်လည်း ဘယ်မှ မသွားစေချင်ပါဘူး။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် အဲဒီလောက်ပါပဲပေါ့” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများ

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မလေးရှားနိုင်ငံသားတစ်ဦး အသတ်ခံရမှုဖြင့် သံသယရှိသူဟု သတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံသားတစ်ဦး ထွက်ပြေးတိမ်း‌ရှောင်မှုကြောင့် မြန်မာနိုင်ငံသားများ နေထိုင်သည့် အဆောင် တန်းလျားများကို ဝင်ရောက်ရှာဖွေသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

လာမည့် ဒီဇင်ဘာလကုန်တွင် မလေးရှားနိုင်ငံရှိ တရားမဝင် အထောက်အထားမဲ့များအား လျှောက်ထားခွင့် ပြုထားသည့် ရီကာလီဘရာစီပါမစ်သက်တမ်းကာလမှာ ကုန်တော့မည်ဖြစ်သောကြောင့် မလျှောက်ထားရသေး သည့် မြန်မာနိုင်ငံသားများရှိပါက အချိန်မီလျှောက်ထားကြရန်လည်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။