CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀

ပြည်တွင်းပြောင်းဈေးနှုန်းသည် လက်ရှိတွင်ကျဆင်းနေပြီး တရုတ်နယ်စပ်သို့ တင်ပို့သည့် လမ်းကြောင်း အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။

ပြောင်းဈေးနှုန်းသည် တစ်တင်းလျှင် ငွေကျပ် ၂၀၀၀၀(နှစ်သောင်း)အထက်တွင် ရှိရာမှ လက်ရှိတွင် ၂၀၀၀၀(နှစ်သောင်း)ကျပ်အောက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ပြောင်းများသည် တရုတ်နယ်စပ်သို့ တင်ပို့ရန် အခက်အခဲဖြစ်ပေါ်နေခြင်းနှင့် ရန်ကုန် နှင့် မန္တလေးဈေးကွက်သို့ မရောင်းချနိုင်ခြင်းတို့ကြောင့် ပြောင်းဈေးနှုန်းများ ကျဆင်းသွားခြင်းဖြစ်သည်။ 

ယခုကဲ့သို့ လမ်းကြောင်းအခက်အခဲ ဆက်လက် ရှိနေမည်ဆိုပါက ပြောင်းဈေးနှုန်းသည် ဆက်လက် ကျဆင်း နိုင်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပုံမှန်က ဒီအချိန်က ပြောင်းဈေးကျတဲ့အချိန် မရောက်သေးဘူး။ ဒီဇင်ဘာကုန်မှပဲ ပြောင်းဈေးက ကျတာ။ လမ်းကြောင်းသွားလာလို့ မရလို့ ခါတိုင်းက ရှမ်းမြောက်က ချင်းရွှေဟော်နဲ့ မူဆယ်နဲ့လည်း နီးတာကိုး။ နီးတော့ သယ်ယူစရိတ်လည်း သက်သာတယ်။ ပြီးတော့ ဈေးကောင်းလည်း ရတယ်ဆိုတော့လေ။ အခုကျတော့ လမ်းကြောင်းက ချင်းရွှေဟော်နဲ့ မူဆယ်က သွားလို့မရတော့ဘူး။ တိုက်ပွဲကြောင့် သွားလို့မရဘူး။ ပြီးတော့ လားရှိုးကနေ မန္တလေး ပြန်ဆင်းရောင်းမယ်ဆိုတော့လည်း ရှမ်းမြောက်လမ်းကြောင်းကလည်း အဆင်မပြေ ပြန်ရော အဲဒီလို ဖြစ်နေတယ်။ ရှမ်းတောင်ကနေ ပတ်ပြီးသွားဆိုရင် ကားခက ၄၀၀၀ ကျော်၊ ၅၀၀၀ တွေ ဖြစ်ကုန် တာလေ။ ခါတိုင်းဆိုရင် တိုက်ပွဲမရှိတုန်းကဆိုရင် ရိုးရိုး ရှမ်းမြောက်နဲ့ မန္တလေးပိုင်းဆိုရင် ကားခက ၁၅၀၀၊ ၁၆၀၀ လောက်ပဲ ရှိတာလေ။ အလွန်ဆုံး အဲဒီလောက်ပဲ ရှိတာလေ။ ကားခ အတက်ဆုံးအချိန်တောင် ၁၆၀၀ ပဲ ရှိတာ။ အခုချိန်က ၄၅၀၀၊ ၅၀၀၀ လောက် ဖြစ်နေတော့ ကားခသယ်ယူစရိတ်က အများကြီး ဖြစ်သွားတာပေါ့။ နယ်စပ် သွားလို့ မရတော့ဘူးလေ။ လားရှိုးကနေ မန္တလေးဆင်းလာဖို့ကျတော့ လမ်းမှ မရှိတာကိုး။ ဒီထက်ကျမှာပဲ ရှိမှာပဲ” ဟု ပြောသည်။

ပြောင်းပင်များကိုတွေ့ရစဉ်

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထားသည့် ပြောင်းများသာ ရောင်းချမှုရှိနေပြီး ဧရာဝတီတိုင်းဒေသကြီး ရှိ ပြောင်းများကို စတင်စိုက်ပျိုးချိန်ဖြစ်သည်။

ဧရာဝတီပြောင်းများ ထွက်ပေါ်ချိန်တွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့်ကာလဖြစ်သည့်အတွက် ယင်းကာလတွင် ပြည်တွင်း၌ ပြောင်းများ ပေါများနေချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းမည်ကို တောင်သူများက စိုးရိမ် နေကြသည်။

ပြည်တွင်းပြောင်းဈေးကွက်၌ ပြည်တွင်းဝယ်လိုအားနှင့် သိုလှောင်မည့် ကုန်သည်များမှ ဝယ်ယူမှုများသာ ရှိနေ ကြောင်း၊ လက်ရှိတွင် ရှမ်းမြောက်မှ ပြောင်းများသည် လမ်းကြောင်းအခြေအနေများကြောင့် ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ချိန်တွင် ပြီးခဲ့သည့်နှစ်များထက် ပြောင်းများ စုပုံသွားမည် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

“ပို့ရမယ့် လမ်းကြောင်းတစ်ဖက်က နည်းနည်း ဆိုင်းသွားတော့ တစ်ဖက်တည်းဆိုတော့ မြဝတီဘက် ဒီအချိန်မှာ တင်ပို့မရဘူးလေ။ အများဆုံးက ပြည်တွင်းမှာပဲ အခုချိန်မှာ လည်ပတ်ရတဲ့ သဘော ဖြစ်နေတော့ ပြည်တွင်း လောက် လည်ပတ်တာနဲ့ လှောင်လက်သမားနဲ့ ဒီလောက်ပဲဆိုတော့ ပြောင်းဈေးက အကျဘက်ကို ထိန်းသွားတဲ့ သဘော ရှိတယ်။ သက်ရောက်မှုကတော့ တစ်နိုင်ငံလုံးအတွက် သွားမှာပဲလေ။ ပြောင်းကတော့ ရှမ်းရယ်၊ ဧရာဝတီ ရယ်ပဲ မဟုတ်ဘူး၊ ကျပြီဆိုရင် အကုန်လုံးကို သက်ရောက်မှု ရှိတာပဲ။ ကျနော်တို့ဆီက အခု မပေါ်ပေမယ့် ဒီဟာ လည်း ကိုယ်တွေပေါ်တဲ့အထိကို သက်ရောက်မှုကတော့ ဖြစ်လာမှာပဲ။ ဒီဟာကြီးက ခဏလေးနဲ့ ပြီးသွားမယ့် ကိစ္စလည်း မဟုတ်ဘူး။ နောက်ပြီးတော့ အခုက ပြောင်းဈေးတွေကျတယ်။ ကျတော့ ရှမ်းသမားတွေက အခုချိန်မှာ မရောင်းဘူး။ မရောင်းတော့ ဧရာဝတီပေါ်တဲ့အချိန်လောက်ကို ဆွဲလာမှာပဲ။ ဧရာဝတီပေါ်ချိန်မှာ အခြေအနေက ပြောင်းဈေးတွေ နည်းနည်းသင့်တင့်လျောက်ပတ် ကောင်းလာရင်တောင်မှပဲ ကုန်ကတော့ နည်းနည်းပေါမယ့် အနေအထားတော့ ရှိတယ်။ ပြောင်းဈေးကတော့ ပုံမှန်အနေအထားကနေ မတက်နိုင်ဘူးလို့ မှန်းထားပါတယ်။ ခါတိုင်းနှစ်ထက်စာရင် ပြောင်းက ပိုများသွားမယ့်သဘောတော့ ရှိတယ်။ ဒါလည်း ဒီကြားထဲမှာ ပြည်တွင်းက ဝယ်တဲ့ လူနဲ့ ပို့တဲ့လူနဲ့ အဓိကကျသေးတယ်။ ပို့တော့ပို့နေတာပဲ နိုင်ငံပေါင်းစုံ ရေလမ်းကြောင်း၊ ကုန်း လမ်းကြောင်းနဲ့တော့ သူ့ဟာနဲ့သူ ပို့နေကြတာပဲ။ ဒါပေမယ့် မှန်းလို့ရပါတယ်။ နှစ်စဉ်နှစ်တိုင်းနဲ့စာရင်တော့ ထိုင်းကိုပို့တဲ့အချိန်မှာ နည်းနည်းများလာမယ့်သဘောတော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ပြောင်းဈေးနှုန်းသည်လည်း ကျဆင်းနေခြင်းဖြစ်ပြီး ဧရာဝတီပြောင်း ထွက်ရှိချိန်နှင့် ထိုင်းနိုင်ငံ သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့်ကာလ ရောက်ရှိချိန်တွင် ပြောင်းဝယ်လိုအား များလာမည် ဖြစ်သည့် အတွက် ပြည်တွင်းပြောင်းဈေးနှုန်းသည် ပြန်လည်မြင့်တက်လာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းထံမှ သိရသည်။

ထို့နောက် ပြောင်းတင်ပို့မှုနှင့် ပတ်သက်၍ ပို့ကုန်မူဝါဒ အပြောင်းအလဲများ ထပ်မံရှိလာနိုင်သည့်အတွက် လက်ရှိ တွင် ပြောင်းဈေးကွက်အခြေအနေကို ကုန်သည်များက စောင့်ကြည့်နေကြသည်။