CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉

ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၆၀ ကျော် ရှိရာမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တစ်ကျပ်သား ၅၉ သိန်း ၃ သောင်းကျပ်သို့ ကျဆင်းလာသည်ကို ရွှေဈေးကွက်အတွင်းမှ သိရ သည်။

ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးနေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းလာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးသည်လည်း ဒေါ်လာ ၁၀၀ ခန့် ကျဆင်းသွားခြင်းကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းသည် လိုက်ပါကျဆင်းသွားခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်တွင်ရွှေဈေးနှုန်းအနေဖြင့် လတ်တလောအခြေအနေအရ တက်ဖို့ အလားအလာ မရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“ဒေါ်လာဈေး ကျသွားတာရယ်၊ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပြီးတော့ ဒေါ်လာဈေး ကျသွားတာလည်း ပါတယ်။ ကမ္ဘာ့ရွှေဈေးကျသွားတာလည်း ပါတယ်။ နောက်ဝယ်လိုအားလည်း ကျသွားတယ်။ ကောလာဟလတွေ ရပ်ပြီးတော့ ဝယ်လိုအားလည်း ကျသွားတယ်။ ရွှေတစ်ပိုင်းတောင် မနည်း လိုက်ရောင်းနေရတယ်။ ထပ်ပြီး ကျမှာပါ။ ကမ္ဘာ့ရွှေဈေး မတက်လို့ကတော့ ထပ်ပြီးတော့ ကျနေမှာ။ ကမ္ဘာ့ရွှေဈေးလည်း ကျနေတယ်။ ပြည်တွင်း ရွှေဈေးကတော့ တက်ဖို့ အလားအလာ မရှိဘူး။ ကမ္ဘာ့ရွှေဈေးတက်လို့ အနည်းအကျဉ်း လိုက်တက်တာပဲ ရှိတာ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၆၁ သိန်းတွင် ရှိနေပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် တစ်ကျပ်သား ၅၉ သိန်း ၈ သောင်းကျပ်သို့ ကျဆင်း သွားသည်ကို တွေ့ရသည်။

ထို့နောက် နိုဝင်ဘာ ၁၉ ရက်နေ့တွင် တစ်ကျပ်သားလျှင် ၅၉ သိန်း ၃ သောင်းကျပ်သို့ ထပ်မံကျဆင်းသွားသည်။

ရွှေလက်ဝတ်ရတနာများကို တွေ့ရစဉ်

ကမ္ဘာ့ရွှေဈေးသည်လည်း နိုဝင်ဘာလဆန်းပိုင်းတွင် တစ်အောင်စလျှင် ၂၇၅၄ ဒေါ်လာတွင် ရှိနေပြီး ၎င်းမှ တဖြည်း ဖြည်း ကျဆင်းလာခဲ့ရာ လက်ရှိတွင် ၂၆၁၈ ဒေါ်လာဝန်းကျင်သာ ရှိတော့သည်။

အလားတူ ပြည်တွင်းဒေါ်လာဈေးနှုန်းသည်လည်း ဗဟိုဘဏ်၏ ဒေါ်လာထုတ်ရောင်းပေးနေမှုကြောင့် တစ်ဒေါ်လာ လျှင် ၄၄၀၀ ဝန်းကျင်တွင် ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရသည်။

ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းသွားခြင်းကြောင့် ရွှေတုံးရွှေခဲ အရောင်းအဝယ် ရပ်တန့်သွားသော်လည်း လက်ဝတ် ရတနာ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရှိနေကြောင်း ဦးမျိုးမြင့်က ဆက်ပြောသည်။

“ပြည်တွင်းရွှေဈေးကွက်ကလည်း အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေမှာပါပဲ မနစ်နာသရွေ့။ အတုံးအခဲသာ အရောင်းအဝယ် ရပ်သွားမယ်။ ဆိုင်သမားတွေကတော့ ပုံမှန် ရောင်းဝယ်နေကြတာပဲ လက်ဝတ်တန်ဆာ ပစ္စည်း တွေကတော့။ အလှူအတန်းရာသီလည်း ဖြစ်လာတဲ့အခါကျတော့ ရောင်းနေရတာပဲ။ အတုံးအခဲပဲ ရပ်သွားတာ။ ကောလာဟလတွေကြောင့် ၈၅ တွေနဲ့ ဝယ်ထားတဲ့သူတွေက အခုလို ပြန်ကျတဲ့အခါကျတော့ သိပ်မရောင်းချကြ ဘူး” ဟု ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ယခုနှစ်တွင် တစ်ကျပ်သား ၈၅ သိန်းအထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီးနောက် ၆၅ သိန်းသို့ ကျဆင်းသွားသည်။

ထို့နောက် ယင်း ၆၅ သိန်းမှ ထပ်မံကျဆင်းကာ တစ်ကျပ်သား ၆၁ သိန်းတွင် ၂ လခန့် တည်ငြိမ်နေပြီး ယခု သီတင်းပတ်တွင် သိန်း ၆၀ အောက်သို့ ကျဆင်းသွားခြင်း ဖြစ်သည်။

ထိုသို့ ကျဆင်းသွားခြင်းကြောင့် အမြင့်ဈေးတွင် ဝယ်ယူထားသည့် ကုန်သည်များက အရောင်းရပ်နားထားကြပြီး ဈေးနှုန်း ထပ်မံကျဆင်းနိုင်သည့်အတွက် ဝယ်ယူရန် စောင့်ဆိုင်းနေသည့် ကုန်သည်များ ရှိနေခြင်းကြောင့် လက်ရှိ တွင် ရွှေအရောင်းအဝယ်ဈေးကွက် အေးနေကြောင်း သိရသည်။