CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်ကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ယခင်က မြန်မာဘက်မှ ဆန်ကို ဥရောပနှင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း ၂၀၂၂ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံက အများအပြား ဝယ်ယူလာခြင်းကြောင့် အင်ဒိုနီးရှားက မြန်မာထံမှ ဆန် ဝယ်ယူသည့် အများဆုံးနိုင်ငံ ဖြစ်လာခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေများပြားခြင်းနှင့် ရွေးကောက်ပွဲ ရှိနေခြင်းကြောင့် ဆန်လိုအပ်ချက် ဖြစ်ပေါ်နေပြီး ယခင်က ဆန်ကွဲကိုသာ ဝယ်ယူသော်လည်း လက်ရှိတွင် ဆန်ကိုလည်း ဝယ်ယူလာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပသို့ ဆန်တင်ပို့နေမှုကို တွေ့ရစဉ်
“ကျနော်တို့နိုင်ငံက အမြဲတမ်း ဆန်ကို အများဆုံးတင်ပို့ရောင်းချတာတော့ ကျနော်တို့ ဥရောပနိုင်ငံတွေနဲ့ တရုတ်နိုင်ငံပေါ့၊ နောက် အာဆီယံနိုင်ငံ ၃ နိုင်ငံပေါ့၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်ပေါ့။ အခု ၂၀၂၃ ကနေ စပြီးတော့ အင်ဒိုနီးရှားနိုင်ငံက ဆန်လိုအပ်ချက် များလာတာပေါ့။ အင်ဒိုနီးရှားနိုင်ငံက လူဦးရေလည်း အများကြီးလေ။ အခု ၂၀၂၃ - ၂၀၂၄ ကာလမှာတော့ ဆန်ဝယ်ယူမှု များလာတာပေါ့။ လူဦးရေများတဲ့အတွက်လည်း ပါတယ်။ နောက်ပြီး တော့ ဒီနှစ်မှာ ရွေးကောက်ပွဲလည်းရှိတော့ ဝယ်ယူတင်သွင်းမှု၊ ဆန်ဖြန့်ဖြူးမှု များတာပေါ့နော်။ အရင်တုန်းက ဆိုတာကတော့ လွန်ခဲ့တဲ့ ၄/၅ နှစ်ကတော့ ဆန်တင်သွင်းမှုက အင်ဒိုနီးရှားက မရှိသလောက်ပဲ၊ ဆန်ကွဲပဲဝယ်တာ။ အခုကတော့ ဆန်ရော၊ ဆန်ကွဲရော ဝယ်တာ ဖြစ်လာတာပေါ့။ အဲဒါကလည်း ၂၀၂၂ - ၂၃ - ၂၄ ပေါ့၊ ဒီ ၃ နှစ် အတွင်းမှာ တန်ချိန် ၃ သန်းကျော်၊ ၄ သန်း အဲဒီလောက်အထိ ဖြစ်လာတာပေါ့။ အားလုံးဆီကနေ ဝယ်တာပေါ့။ အစ်ကိုတို့ တနိုင်ငံထဲကနေ ဝယ်တာ မဟုတ်ဘူး။ ထိုင်းကနေလည်း ဝယ်တယ်။ ဗီယက်နမ် ဆီကနေလည်း ဝယ်တယ်၊ အစ်ကိုတို့ဆီကနေလည်း ဝယ်တယ်။ အိန္ဒိယ၊ ပါကစ္စတန်ဆီကနေလည်း ဝယ်တယ်။ အိန္ဒိယ၊ ပါကစ္စတန်ဆီကနေတော့ ဝယ်တာ နည်းတယ်။ အစ်ကိုတို့ဆီကနေ ဝယ်တာတော့ အိန္ဒိယ၊ ပါကစ္စတန် တို့ထက် များတယ်။ ထိုင်းကနေလည်း ဝယ်တယ်၊ ဗီယက်နမ်ဆီကနေလည်း ဝယ်တယ်” ဟု ပြောသည်။
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၌ လက်ရှိ ၇ လတာကာလအတွင်း အင်ဒိုနီးရှားက မြန်မာ့ဆန် တန်ချိန် ၃၆၀၀၀၀ ကျော်ကို ဝယ်ယူတင်သွင်းထားပြီး ယခင်က တင်သွင်းမှု အများဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို ကျော်လွန်သွားသည်ကို တွေ့ရသည်။
ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံက ဆန်တန်ချိန် ၂၇၆၄၀၀ ဖြင့် ဒုတိယ၊ တန်ချိန်၂၁၉၄၀၀ ဖြင့် ဘယ်လ်ဂျီယံနိုင်ငံက တတိယ၊ ဖိလစ်ပိုင်နိုင်ငံက ၁၁၄၇၀၀ တန်ချိန် ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ပြည်ပသို့ ဆန်တင်ပို့နေမှုကို တွေ့ရစဉ်
တရုတ်နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားချိန်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်ခုလုံး တင်ပို့သည့်အတွက် တရုတ်နိုင်ငံက မြန်မာထံမှ ဆန် ဝယ်ယူသည့် အများဆုံးနိုင်ငံ ဖြစ်သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးအားလုံး နီးပါး ပိတ်ထားလျက် ရှိသည်။
ထို့ကြောင့် အင်ဒိုနီးရှားသို့ တင်ပို့မှု အများဆုံး ဖြစ်သွားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“တရုတ်က များတာပေါ့ အရင်နှစ်တွေက နယ်စပ်တွေ ရှိတဲ့အချိန်ကတော့ တရုတ်ပို့တာ ပိုများတာပေါ့။ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ရော သွားတာ တရုတ်က အများဆုံးပေါ့။ တရုတ်က နယ်စပ်ထွက်တဲ့လမ်း တော်တော်လေး နည်းသွားတယ်။ မူဆယ်တို့ ဘာတို့ ပိတ်သွားပြီလေ။ အင်ဒိုနီးရှားကလည်း သိပ်မဝေးတော့ အဲဒီဘက်ကို အများဆုံး ပို့တာပေါ့။ အင်ဒိုနီးရှားကတော့ ကုမ္ပဏီတစ်ခုကနေ ဖြန့်ပြီးတော့ ပို့တာပေါ့။ သူက တင်ဒါနဲ့ တင်ဒါခေါ်တာက မြန်မာပြည်က ပို့တာ များသွားတာပေါ့” ဟု ပြောသည်။
ယခုဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန်ပေါင်း ၁ ဒသမ ၃၆ သန်းကျော်၊ အမေရိကန် ဒေါ်လာ ၆၄၇ သန်းခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။