CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဝယ်လိုအား များနေသည့်အတွက် မြန်မာ့ရော်ဘာဈေးကွက်သည် ပြည်ပ ဈေးကွက်တွင် သာမက ပြည်တွင်းဈေးကွက်မှာပါ ဈေးကောင်းရရှိနေပြီး ဈေးနှုန်းမြင့်တက် လာနေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

ယခင်နှစ်များတွင် ပြည်တွင်း ရော်ဘာဈေးနှုန်းသည် ကုန်ပစ္စည်းရှားပါးသည့် ဇွန်လရောက်ရှိမှသာ ဈေးနှုန်း မြင့်တက်လေ့ရှိကြောင်း၊ သို့သော် ယခုနှစ်တွင် ဧပြီလကတည်းကပင် ဈေးနှုန်းမြင့်တက် နေကြောင်း၊ လက်ရှိတွင် ရော်ဘာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ်အထိ ဈေးနှုန်း ရရှိနေသည်ဟု မွန်ပြည်နယ်မှ ရော်ဘာစိုက်ပျိုးသည့် လုပ်ငန်း ရှင် ဦးဘုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးဘုန်းမြင့်က “၁၄၂၀၊ ၁၄၃၀ လောက် ဖြစ်နေပြီ။ တချို့ပြားတွေက ၁၄၅၀ လောက် ဖြစ်နေပြီ။ ရာသီဥတုက ပစ္စည်းရှားလာတာပေါ့လေ။ တချို့လည်း မခြစ်ကြတော့ဘူးလေ။ တချို့လည်း အလုပ်သမား မရှိဘူးပေါ့။ အစေး ထွက်နည်းလာတော့ တချို့ခြံတွေက မကိုက်တော့ ပိတ်လိုက်ပြီလေ။ အဲဒီတော့ ပစ္စည်းအထွက် နည်းလာတယ်။ ပစ္စည်းနည်းတော့ ဝယ်လက်က နည်းနည်း များလာတဲ့အခါကျရင် အမှန်ကတော့ ယိုးဒယား နည်းနည်းဝယ်ရင် ဈေးနည်းနည်း လိုက်တယ်။ ဒီနှစ်က မနှစ်ကနဲ့စာရင် ဈေးနည်းနည်း ပိုကောင်းတယ်။ အရင်နှစ်က ၁၄၀၀ ဆိုတာ ၆ လပိုင်းလောက်မှ ရတာ။ အခုက ၄ လပိုင်းကတည်းက ၁၄၀၀ ကျော်တာ။ ၁၄၀၀ ဈေးအောက် မကျတော့ဘူး လေ။ ၁၄၁၀၊ ၁၄၂၀” ဟု ပြောသည်။

ရော်ဘာများ လှမ်းထားစဉ် 

ပြည်တွင်း ရော်ဘာဈေးကွက်တွင် ပြီးခဲ့သည့် မတ်လ၌ ရော်ဘာတစ်ပေါင်လျှင် ၁၀၀၀ ကျပ်ရှိခဲ့ရာမှ မတ်လ တတိယပတ်တွင် ဈေးနှုန်း ကျဆင်းခဲ့ပြီး ၉၀၀ ကျပ်ခန့်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဧပြီလအတွင်း ပြန်လည် မြင့်တက်လာပြီး ယနေ့အထိ အမြင့်ဈေးတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ရော်ဘာစိုက် တောင်သူများထံမှ သိရသည်။

ရော်ဘာဈေးနှုန်း ကောင်းမွန်နေသော်လည်း ပြည်တွင်းရော်ဘာ ထုတ်လုပ်မှုသည် ရာသီဥတု ပူပြင်းမှုနှင့် သွင်းအား စု ဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် အထွက်နှုန်းများ လျော့ကျလျက် ရှိနေသည်ဟု မွန်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းထွန်းနိုင်က “နယ်စပ်ထွက်တာ ရှိတယ်ပေါ့။ မြဝတီကို ထွက်တာလည်း ရှိတယ်။ တချို့ကျတော့ တရုတ် နယ်စပ် ထွက်တာလည်း ရှိတဲ့အခါကျတော့ ဒေတာကတော့ ဒီနှစ်မှာတော့ ကျနော်တို့ အနေနဲ့ကတော့ ရာသီဥတု အခြေအနေကြောင့်ပေါ့နော် ကျနော်တို့ရဲ့ ရော်ဘာခြံတွေကတော့ အထွက်လျော့မယ်လို့ ကျနော်တို့ ခန့်မှန်းထား တယ်။ တကယ်လည်း လျော့ပါတယ်ခင်ဗျ။ အခုချိန် ရာသီဥတု တအားပူတဲ့ အခါကျတော့ အထွက်က တော်တော် လေး လျော့ကျသွားတယ်ခင်ဗျ။ ဒီနှစ်မှာ သွင်းအားစုတွေ ဈေးကြီးတဲ့ အခါကျတော့ ဓာတ်မြေဩဇာတွေ ကျွေးတဲ့ အခါကျတော့ ဓာတ်မြေဩဇာတွေ မသုံးနိုင်တာလည်း ရှိတဲ့အခါကျတော့ ဒီနှစ်မှာ တော်တော်လေးကို အထွက်နှုန်း လျော့ကျတယ်။ တင်ပို့မှုကိုကျတော့ ကျနော်တို့ လက်လှမ်းမမှီတဲ့အတွက် ပြောဖို့ နည်းနည်း အခက်အခဲ ရှိပါ တယ်။ ကမ္ဘာ့ရော်ဘာ ဈေးတက်လို့ရှိရင် ရော်ဘာဈေး နည်းနည်း တက်တဲ့သဘော ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ပြည်တွင်း အထွက်ကတော့ ဆုတ်သွားပြီပေါ့နော်။ နိုင်ငံတကာ အထွက်တွေကတော့ အင်ဒိုနီးရှားတို့၊ တချို့နေရာ တွေက ပြန်ထွက်လာတာတော့ ရှိတယ်ပေါ့ဗျ” ဟု ပြောသည်။

 ရော်ဘာထုတ်လုပ်နေစဉ်

လက်ရှိ ရာသီဥတု ပူပြင်းမှုကြောင့် ရော်ဘာအထွက်နှုန်း လျော့ကျနေပြီဖြစ်ကြောင်း၊ ယခင်က အပင်ရေ ၂၀ လျှင် ရော်ဘာ တစ်ပေါင် ထွက်ရှိသော်လည်း လက်ရှိတွင် အပင်ရေ ၈၀ မှသာ ရော်ဘာ တစ်ပေါင် ရရှိတော့ကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်များက ပြောသည်။
ထို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ ရော်ဘာထုတ်လုပ်သည့် လုပ်ငန်းအများစုသည် ထုတ်လုပ်မှုများ ရပ်နားလာကြ ပြီဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို ပြည်ပသို့ တန်ချိန် ၁၉၀,၀၀၀ ကျော် နှစ်စဉ် တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို တင်ပို့လျက်ရှိသည်။