CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
ဖူလ်ဟမ်နဲ့ ယူနိုက်တက်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပင်နယ်တီ မကန်သွင်းမီ သူ့ကို တိုက်ခဲ့တဲ့အပေါ် တောင်းပန်ခြင်းမရှိခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ခရစ်ကာဗာနော့ဂ်ကို ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “စိတ်ပျက်မိပါတယ်။ ပင်နယ်တီ ကန်သွင်းတဲ့သူတွေမှာ ကိုယ်ပိုင်လုပ်ရိုး လုပ်စဉ်တွေနဲ့ ကိုယ်လုပ်နေကျ အရာတွေရှိပါတယ်။ ဒိုင်လူကြီးက ဒီဖြစ်ရပ်မှာ ကျနော့်ကို မတောင်းပန်ခဲ့တဲ့အတွက် စိတ်ပျက် သွားမိပါတယ်။ ဒီအခိုက်အတန့်ဟာ ကျနော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပေမယ့် ဒါက ပင်နယ်တီ လွဲချော် ရတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကန်သွင်းပုံ ဆိုးရွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်း တိုက်စစ်မှူး မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဦးဆောင် နိုင်ခဲ့ပေမယ့် စမစ်ရိုးလ်က ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်ဇ်ရဲ့ ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာပါ။
ဘရူနိုဖာနန်ဒက်ဇ်ဟာ ဘောလုံးကိုတည်ပြီး ပင်နယ်တီ ကန်သွင်းဖို့ နောက်ဆုတ်ချိန်မှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီးကို ဝေဖန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့သလို ဒုတိယပွဲမှာ လည်း ဖူလ်ဟမ်အသင်းနဲ့ သရေကျခဲ့တာကြောင့် အဖွင့်ပွဲစဉ် ၂ ပွဲကစားအပြီးမှာ နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါ တယ်။
ဘရူနိုဖာနန်ဒက်စ်က သူတို့ဟာ အနိုင်ရယူဖို့လာခဲ့တဲ့အတွက် ဒီရလဒ်ကို စိတ်ပျက်မိတယ်လို့လည်း ပြောခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်က ယူနိုက်တက်အသင်းဟာ အသင်းတစ်သင်း အနေနဲ့ ကြီးပြင်းလာဖို့လိုသလို ကစားသမားတွေအနေနဲ့ ပြန်ပြီးအာရုံစိုက်ရမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဂရင်စဘီတောင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN