CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တယ်လို့ နောက်ပြောင်ခဲ့ပြီး သူက ဘောင်းဘီတိုနဲ့ အလွန်ကြည့်ကောင်းပြီး အလွန်တော်တဲ့ အားကစားသမားလို့ ပြောခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်ဟာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့အတူ သတင်းထောက်တွေကို စကားပြောခဲ့တာမှာ “ကျနော် ကစားနိုင်ပါတယ်။ ဒီဘောလုံးသမားတွေရတဲ့ ပိုက်ဆံတွေကို မြင်တာကြောင့် ကြိုးစားပြီး ကစားနိုင်ပါတယ်။ ကျနော်က အလွန်တော်တဲ့ ကစားသမားပါ။ ဘောလုံးကန်ဖို့ ဘောင်းဘီတိုကိုလည်း ဝတ်နိုင်ပြီး ကျနော်ဟာ ဘောင်းဘီတိုနဲ့ အလွန်ကြည့်ကောင်းတယ်”လို့ ပြောခဲ့တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲအတွက် မဲခွဲမှုကို ဒီဇင်ဘာကျရင် ဝါရှင်တန်မှာ ကျင်းပသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါ တယ်။ 

ဒေါ်နယ်ထရမ့်က ဒီပြိုင်ပွဲဟာ အားကစားလောကရဲ့ အကြီးကျယ် ခမ်းနားဆုံး ပွဲဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် 

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက မဲခွဲမှုကို တစ်ကမ္ဘာလုံး တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး ၁ ဘီလီယံခန့် ကြည့်ရှုလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအရေအတွက်ပေါင်း ၁၀၄ ပွဲ အထိရှိမှာပါ။ 

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမယ့် ဒီပြိုင်ပွဲကို ၄ သင်း ၁၂ အုပ်စု ခွဲသွားမှာဖြစ်ပြီး ထိပ်ဆုံး ၂ သင်းစီက ရှုံးထွက်အဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။

ဒါအပြင် အကောင်းဆုံး အုပ်စုတတိယ ၈ သင်းကလည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရှိအချိန်မှာ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ အသင်းတို့အပြင် သြစတြေးလျ၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အီကွေဒေါနဲ့ နယူးဇီလန်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ပြီး ဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။ 

Source: Dailymail