CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂

ထိုင်းနိုင်ငံတွင် မြန်မာသံရုံးသို့ တစ်ဦးချင်း လာရောက် လုပ်ကိုင်သူများ အနေဖြင့် ထုတ်ယူမှု နည်းပါးသည့် အတွက် ငွေသွင်းထားပြီးသားဖြစ်သော OWIC ကတ်များကို မေလ ၁၉ ရက်နေ့အတွင်း မဟာချိုင်၊ TDCC ရုံးခွဲသို့ လာရောက် ထုတ်ယူကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အသိပေး ထုတ်ပြန်ထားသည်။

ထိုသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ လာရောက်ထုတ်ယူမှု နည်းပါးခြင်းသည် သံရုံးမှ ပေးလိုက်သည့် ရက်ချိန်း အတိုင်း ထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက်ကြောင့်နှင့် လာရောက် ထုတ်ယူရသည့် နေရာမှာ ဝေးလွန်းသည့် အတွက်ကြောင့် ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာရွှေ့ပြောင်း လုပ်သားများကိုတွေ့ရစဉ်

ကိုသားကြီးက “ရိုက်တဲ့အချိန်မှာ တစ်ခါတည်း ထုတ်ပေးလို့ရတဲ့ စနစ်ကို မသုံးပဲနဲ့ ရက်ချိန်းပေးပြီးတော့ ထုတ်တဲ့ အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမား တော်တော်များများကလေ အလုပ်ခွင့်ယူရတာ ခက်ခဲတယ်။ အဲဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီ သွားရောက် ပြီးတော့ မထုတ်ဘူးဆိုတာက ဒီလိုကြန့်ကြာတာတွေ မသွားတာတွေဟာ အလုပ်ခွင့်ယူဖို့ အခက်အခဲရှိတယ်လို့ ကျနော်ထင်တယ်လေ။ OWIC ကတ်ကို ဒီနေ့ရိုက်တယ်။ နောက်နေ့ ဘယ်နေ့ ဘယ်ရက်မှာ လာထုတ်ပါဆိုတာ ဒါက လုံးဝ အဆင်မပြေဘူးလေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အခုလိုပဲ အလားတူပဲ ဘယ်နေ့ လာ ထုတ်ပါ၊ ဘယ်သူက ဘယ်နေ့ လာထုတ်ပါဆိုတာ ကိုလည်းမရှိဘူး။ ပြီးရင် သူတို့ ပေးထားတဲ့ လက်ခံစနစ်နဲ့ ပြပြီး တော့မှ သွားထုတ်ရမယ်။ သွားထုတ်တဲ့ အချိန်မှာလည်း ရတဲ့အခါ ရခဲ့တာ ရှိသလို မရခဲ့တာတွေကလည်း များ တယ်။ နောက်တစ်ခု ကျနော်တို့ ကြားသိရ သလောက်က ဒီစမတ်ကတ်တွေ ထုတ်ပေးတဲ့ နေရာမှာ ဝန်ထမ်းတွေ နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မကြာခဏပေါ့ ပြဿနာတွေ ရှိ တယ်။ စကားများရတာတွေ ရှိတယ်ပေါ့။ စကားကိုလက်ခံပြီးတော့ ကောင်းကောင်းမွန်မွန် မပြောတာတွေ ရှိ တယ်။ ဒါမျိုးတွေ တွေ့ရတယ်ပေါ့။ နောက် တစ်ခုက ရက်ချိန်းတွေ လွန်သွားတာတွေလည်း မရတာတွေရှိတယ်။ နောက်ရက်ချိန်း အတိအကျ မပေးလိုက်တာ တွေလည်း ရှိတာပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ စိတ်ပျက်ပြီး သွားမထုတ် တာတွေလည်း ရှိမယ်” ဟု ပြောသည်။

ငွေသွင်းထားပြီး ဖြစ်သော်လည်း OWIC ကတ်သည် နေရပ်ပြန်သောအခါတွင်သာ လိုအပ်သည့်အတွက်ကြောင့် လာရောက် ထုတ်ယူခြင်း မရှိသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများအား ယခုကဲ့သို့ ရက်သတ်မှတ်၍ လာရောက်ထုတ်ယူခိုင်းခြင်းသည် မဖြစ်သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများကိုတွေ့ရစဉ်

သံရုံးတွင် စာရင်းများရှိသောကြောင့် ၎င်းတို့ထံသို့ ဆက်သွယ်၍ ကတ်ထုတ်ယူ၍ ရပြီဖြစ်ကြောင်းကို အကြောင်း ကြား ပေးသင့်ကြောင်းလည်း ၎င်းတို့က ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဥပမာ ဒီကတ်က ဘယ်လောက် အရေးကြီးသလဲပေါ့။ ကတ်ရဲ့ အရေး ပါမှုအပေါ် မူတည်တယ်။ အဲဒီနေရာမှာ နေတဲ့သူ အဲဒီပတ်ဝန်းကျင်မှာ နေတဲ့သူကတော့ အဆင်ပြေတာပေါ့။ အဝေးကြီး နယ်က လူတွေအတွက်ကျတော့ သွားရ၊ လာရတာ ခွင့်ရဖို့တို့ အဆင်ပြေဖို့တို့ အဲဒါမျိုးတွေ သွားလို့ရ တယ်။ တချို့ကျတော့ နယ်ကနေ လုပ်တဲ့လူတွေဆိုရင် ဘယ်လိုမှကို အဆင်မပြေဘူးလေ ချက်ချင်း သွားထုတ်ဖို့။ အဲဒီလို သွားထုတ်ဖို့လည်း တချို့က ပွဲစားတွေ အေဂျင်စီတွေနဲ့ အပ်ပြီးတော့ လုပ်တာ။ အေဂျင်စီတွေက တစ် ယောက်ရတိုင်း တစ်ခါသွားထုတ်တာ မဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင် ပြည်နယ်တစ်ခုမှာ ရှိတဲ့ အေဂျင်စီ တစ်ဦး က ၁၀ ယောက်စာ သူက လုပ်ထားတယ်ဆိုတယ်ရင် ၁၀ ယောက်အတွက် ပိုက်ဆံရရှိမှ ဒါမှမဟုတ် သူသွားဖို့ အတွက် အဆင်ပြေတဲ့ အခါကျမှ သွားမှာ။ ကတ်ပြားလျှောက်တဲ့ အလုပ်သမားတိုင်းက အကုန်လုံးက သူတို့ကိုယ် တိုင် သွားလျှောက်တာ မဟုတ်ဘူးလေ။ အဲဒီတော့ ပွဲစားကြောင့် ကြာတာရှိတတ်တယ်။ နောက် လုပ်ငန်းခွင်မှာ အလုပ်က ခွင့်တွေဘာတွေ ရဦးမှ” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ၏ (PJ) နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC - ကတ်) များကို တစ်ပါတည်း ပြုလုပ်ရပြီး နိုင်ငံကူးလက်မှတ် စာအုပ် အသစ်အတွက် ကုန်ကျငွေ ဘတ် ၁၂၅၀ နှင့် OWIC ကတ်အတွက် ကုန်ကျငွေ ဘတ် ၂၅၀ စုစုပေါင်း ဘတ် ၁၅၀၀ အား မြန်မာသံရုံး ဘဏ်စာရင်းသို့ ပေးသွင်းရခြင်း ဖြစ်သည်။

လက်ရှိတွင် OWIC ကတ် လာရောက် ထုတ်ယူရာတွင် စက်ရုံ/ အလုပ်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များသာ အဓိက လာရောက် ထုတ်ယူနေကြကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။