CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉

UAE နိုင်ငံ၊ ဒူဘိုင်းမြို့မှာ လူကုန်ကူးခံရပြီး ဒုက္ခရောက်နေ၍ ကူညီပေးရန် အမျိုးသမီး(၈)ဦးက ဗွီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ခဲ့ခြင်းကြောင့် ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း ရီရတ်ဒ် မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်လာခဲ့သည်။

Khaing Lay အကောင့်အမည်ဖြင့် ဒူဘိုင်းတွင် မြန်မာအမျိုးသမီး ၈ ဦး ဒုက္ခရောက်နေ၍ ကူညီပေးရန် တောင်း ဆိုသည့် ဗွီဒီယိုဖိုင်တစ်ခုကို သြဂုတ် ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့ရာ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက ကာယကံရှင် အမျိုးသမီး ၈ ဦးရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းကာ ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆို သူနှင့် ကာယကံရှင်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို သြဂုတ် ၂၆ ရက်နေ့တွင် ပြုလုပ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒူဘိုင်းမှာ ဒုက္ခရောက်၍ အကူအညီတောင်းသူ အမျိုးသမီးများက အေးဂျင့်ဖြစ်သူ မမီမီ၏ စေလွှတ်မှုဖြင့် ဒူဘိုင်း ကို ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အိမ် တစ်အိမ်တွင် ပိတ်၍ သော့ခတ်ထားကြောင်း၊ မိမိတို့ မသွားလို့သော အီရတ်နိုင်ငံကို အတင်းပို့ရန် ကြိုးပမ်းကြောင်း ပြောသည်။

အကူအညီတောင်းနေတဲ့ အမျိုးသမီးများ

၎င်းတို့က “ ညီမ ရန်ကုန်ကနေပြီးတော့ ဒူဘိုင်းကို အိမ်အကူနဲ့အလုပ်လုပ်ဖို့ လာခဲ့တာပါ။ အေးဂျင် မမီမီရဲ့ စေလွှတ်မှုနဲ့ အတူ လာခဲ့တာပါ။ ညီမတို့အတူတူ ၇ ယောက်လာခဲ့ပြီးတော့ မမေဖုန်း ခေါ် မထက်ထက် ခေါ် မကေ ခေါ် မကေသီမြင့် ဆီကို ညီမတို့ ပတ်စပို့စ် စာအုပ်တွေကို ပေးအပ်ခဲ့ရပါတယ်။ ညီမတို့ကို အဆက်အ သွယ်လည်း မလုပ်တဲ့အပြင် ညီမတို့ အိုပစတေးတွေလည်း ဖြစ်လည်း ဖြစ်ရော့ ညီမတို့ကို အီရတ်ကို ပို့မယ်ဆို ပြီး ပြောခဲ့ပါတယ်။ ညီမတို့ မသွားဘူးလို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် မရခဲ့ ပါဘူး။ ဒါပေမယ့် မရခဲ့ပါဘူး။

ညီမတို့ မသွားဘူး ဆိုရင် သိန်း ၁၀၀ လျော်ဖို့ ပြောခဲ့ပါတယ်။ ညီမတို့တွေ ပိုက်ဆံ မရှိလို့ သူများနိုင်ငံမှာ အနိမ့်ဆုံး အိမ် အကူနဲ့ လာလုပ်ခဲ့တာပါ။ အဲဒါကို ညီမတို့ကို သိန်း ၁၀၀ မလျော်ပေးနိုင်ရင် အီရတ်ကို သွားရမယ်လို့ အတင်း စေလွှတ်ခဲ့ ပါတယ်။ နောက်ဆုံး သီးမခံနိုင်တော့လို့ တံခါးတွေ ရိုက်ချိုးထွက်ခဲ့ရ ပါတယ်။ ညီမတို့ ရဲကို သွားတိုင် အကူ အညီ တောင်းတော့လည်း ရဲက အကူအညီမရပါဘူး။ အခုဆို ညီမတို့ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရ တော့ ပါဘူး။ ညီမတို့ကိုလည်း မြန်မာနိုင်ငံကို ပြန်လို့မရအောင်လည်း လုပ်ထား တယ်လို့ ပြောပါတယ်။ ညီမတို့ အကူအညီတောင်းတာ ဘယ်သူမှ မကူညီကြဘူးရှင်”ဟု ပြောသည်။

ကာယကံရှင် အမျိုးသမီးများကတော့ သူတို့ ၇ ဦးလို့ ပြောသော်လည်း ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန် ချက်မှာတော့ အမျိုးသမီး ၈ ဦးဟု ဖော်ပြထားသည်။

ထို့နောက် မြန်မာသံရုံး၏ ညှိနှိုင်းပေးမှုဖြင့် အဆိုပါ အမျိုးသမီး ၈ ဦး၏ နိုင်ငံကူး လက်မှတ်များကို ကာယကံရှင် များထံသို့ ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး ညှိနှိုင်းရရှိခဲ့ပါသည်ဟု ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက ဆိုသည်။

 ရီရတ်ဒ်မြို့က မြန်မာသံရုံးထုတ်ပြန်ချက်

ထိုသို့ စီစဉ် ဆောင်ရွက်နေစဉ် အတောအတွင်း ပွဲစားဆိုသူနှင့် အမျိုးသမီးများအား လုံခြုံမှုရှိရေး၊ မလိုလားအပ် သည့် ပြဿနာများ ထပ်မံ မဖြစ်ပွားစေရေးနှင့် လိုအပ်သည်များ စစ်ဆေးမေးမြန်းမှု ပြုလုပ်နိုင်ရန် UAE နိုင်ငံမှ CID မှ သြဂုတ် ၂၇ ရက်တွင် ၎င်းတို့ နေထိုင်ရာ နေရာများမှ ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်သို့ ခေတ္တပို့ဆောင်ထား ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။

ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက “ ၎င်းတို့အား ယူအေအီးနိုင်ငံ၏ ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲလုပ်ငန်း စဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ပြီးစီးပါက ဥပဒေချိုးဖောက်မှု မရှိစေသူများကို ပြန်လည် လွတ်ပေးမည်ဖြစ် ပါသည်”ဟု ပြောသည်။

ထို့နောက် မြန်မာသံရုံးအနေဖြင့် UAE နိုင်ငံမှ တာဝန်ရှိသူများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည် လွတ်မြောက်လာသူများ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ထွက်ခွာ နိုင်ငံရေးအတွက်လည်း ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း သြဂုတ် ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။