CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ NSDF Futsal Invitation Championship ၂၀၂၂ ပြိုင်ပွဲယှဉ်ပြိုင်ဖို့နဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ဧပြီ ၁၈ ရက်က ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

NSDF ပြိုင်ပွဲကို ထိုင်းအသင်း၊ ထိုင်း ALL STARS အသင်း၊ အင်ဒိုနီးရှားအသင်း၊ မြန်မာအသင်းနဲ့ သြစတြေးလျကလပ် ဆောက်ပါ့ခ် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကြမှာပါ။ ဒီပြိုင်ပွဲကို ဧပြီ ၂၀ ရက်ကနေ ၂၆ ရက်အထိ ထိုင်းနိုင်ငံမှာ အုပ်စု ပတ်လည်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ဧပြီ ၂၀ ရက်မှာ ထိုင်း၊ ၂၃ ရက်မှာ ထိုင်း ALL STARS ၊ ၂၄ ရက်မှာ အင်ဒိုနီးရှား၊ ၂၆ ရက် မှာ သြစတြေးလျ ကလပ်တို့နဲ့ ယှဉ်ပြိုင်ကြမှာပါ။

မြန်မာအမျိုးသမီးဖူဆယ်အသင်း(MFF)

မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ဒီပြိုင်ပွဲအပြီးမှာတော့ ထိုင်းနိုင်ငံမှာ ဆက်နေပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ ထိုင်းနိုင်ငံကနေ ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမယ့် ဗီယက်နမ်ကို ထွက်ခွာမှာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသမီးဖူဆယ် ပွဲစဉ်တွေကို မေလ ၁၀ ရက်ကနေ ၁၉ ရက်အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ဋ္ဌေးက တာဝန်ယူထားတာဖြစ်ပြီး ကစားသမား ၂၂ ဦးနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့တာပါ။ မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ၂၀၁၁ က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ပူးတွဲ တတိယတစ်ကြိမ် ရရှိခဲ့ပါတယ်။

ထိုင်းအမျိုးသမီး အသင်းကတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ၄ ကြိမ်လုံးမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။