CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

ချယ်လ်ဆီး အသင်းကွင်းလယ်ကစားသမား မေဆန်မောင့် က လီဗာပူးလ်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လု ပွဲမှာ အနိုင်ယူပြီး ဝင်ဘာလေအိမ်မက်ဆိုးတွေကို အဆုံးသတ်မယ်လို့ ပြောလိုက်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ် အသင်းကို ပင်နယ်တီ အဆုံး အဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့အတွက် ဒီပွဲဟာ သူတို့အတွက် မကျေပွဲအဖြစ် လက်စားချေရမယ့် ပွဲအဖြစ်လည်း ရှိနေတာပါ။ မေဆန်မောင့်ဟာ ဝင်ဘာလေမှာ ကစားခဲ့တဲ့ အရေးပါတဲ့ ပွဲစဉ်(၅)ပွဲလုံးမှာ အရေးနိမ့်ခဲ့တာကြောင့် ဒီပွဲကို အနိုင်ယူပြီး ဒါကို အဆုံးသတ်နိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

မေဆန်မောင့် ဟာ ဝင်ဘာလေကွင်းမှာ ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ ချန်ပီယံရှစ်ပလေးအောဖ့်၊ ချယ်လ်ဆီး အသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ(၂)ပွဲ၊လီဗာပူးလ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ၊အင်္ဂလန်နဲ့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ တွေမှာ အရေးနိမ့်ခဲ့တာပါ။မေဆန်မောင့် ဟာ ချယ်လ်ဆီး အသင်းက ပဲလေစ့် အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ အသင်းအတွက် အရေးပါတဲ့ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မေဆန်မောင့် က“ဝင်ဘာလေဗိုလ်လုပွဲမှာ အနိုင်ရဖို့ သေချာပေါက်အချိန်တန်နေပါပြီ။ ကျနော်ဟာ ဗိုလ်လုပွဲ (၅)ပွဲရှုံးနိမ့်ပြီးသွားပါပြီ။ ဒါကို လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲမှာ ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် ကလည်း ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲက ရှုံးကြွေးကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ပြန်ဆပ်ဖို့ ပစ်မှတ်ထားနေတာပါ။

တူချယ်လ် က “သူတို့ရဲ့ တခြားဆုဖလားတွေအကြောင်းကို ကျနော်စိတ်မဝင်စားပါဘူး။ကျနော်တို့ဗိုလ်လုပွဲမှာ ရှုံးခဲ့ပြီး အဲ့ဒီတုန်းက အရာအားလုံးကို ပေးခဲ့ပါတယ်။ကျနော်တို့ပင်နယ်တီအထိ သွားခဲ့ပြီး ကံမကောင်းလို့ အရေး နိမ့်ခဲ့တာပါ။ အက်ဖ်အေဖလားဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံးနဲ့ ရိုးရာဆုဖလားလည်းဖြစ်ပါတယ်။ ကျနော် တို့ အခုလုပ်နိုင်တာကတော့ ဒီလိုခက်ခဲတဲ့ပွဲစဉ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ဖို့ပါပဲ။ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဒီရာသီကို ပိုပြီးချိုမြိန်စေတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့အပတ်က ရီးရယ်လ် ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရတာကြောင့် အက်ဖ်အေဖလား ဟာ ဒီရာသီ လန်ဒန်ကလပ်ရယူနိုင်စရာ တစ်ခုတည်းသော ဆုဖလား လည်းဖြစ်တာပါ။ လီဗာပူးလ် အသင်းကတော့ ဆုဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

Source:DailyMail