CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၈
ချယ်လ်ဆီးအသင်းရဲ့ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်တဲ့ တောင်ပံနောက်ခံလူလမ်တေးဟာ ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့ပြီးနောက် တစ်နှစ်အကြာမှာ အသင်းလက်မဲ့ဖြစ်ဖို့ နီးစပ်နေပါတယ်။
လမ်တေးဟာ ဒဏ်ရာတွေနဲ့ရုန်းကန်နေရမှုကြောင့် ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ရှိနေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ လမ်တေးဟာ ဘရိုက်တန်အသင်းကနေ ထွက်ခွာပြီးနောက် ပေါင် ၅ သန်းနဲ့ မနှစ်က နွေရာသီမှာ ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လမ်တေးဟာ နောက်ထပ်ဆိုးရွားတဲ့ ဒဏ်ရာဆုတ်ယုတ်မှုကြုံတွေ့ခဲ့ရတာကြောင့် ဖီအိုရင်တီးနား အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားနိုင်တာပါ။
လမ်တေးဟာ နာပိုလီ၊ကိုမိုအသင်းတို့နဲ့ပွဲတွေမှာ ဖီအိုရင်တီးနားအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ကိုမိုအသင်းနဲ့ပွဲမှာ ACL ဒဏ်ရာရခဲ့တာကြောင့် အခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

La Gazzetta dello Sport က လမ်တေးဟာ ပြီးခဲ့တဲ့နှစ်ကမှ ဖီအိုရင်တီးနားအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ခဲ့ပေမယ့် နှစ်ဖက်စလုံးက စာချုပ်ဖျက်သိမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖော်ပြထားတာပါ။
ဖရန့်လမ်းပတ်ကိုင်တွယ်ချိန်မှာ ချယ်လ်ဆီးအသင်းရဲ့အလားအလာရှိတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ လမ်တေးဟာ အသင်းအတွက် ၃ ပွဲပါဝင်ကစားပြီးနောက် ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
လမ်တေးဟာ ဘရိုက်တန်အသင်းအတွက် ၁၂၂ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် မကြာခဏအနားယူနေရတာက သူ့ရဲ့ကစားသမားဘဝကို ထိခိုက်မှုတွေရှိစေခဲ့တာ ဖြစ်ပါတယ်။
Source:The Sun
