CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၆

ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအပေါ် အဖမ်းအဆီး ကြမ်းနေပြီး မြန်မာနိုင်ငံသား အများစု ဖမ်းဆီးခံနေရကြောင်း သက်ဆိုင်ရာနိုင်ငံများမှ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုဖမ်းဆီးမှုများအတွင်း မြန်မာနိုင်ငံသား ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း၊ မလေးရှားနိုင်ငံ၌ ယခုကာလအတွင်း ဖမ်းဆီးမှုသည် အကြမ်းဆုံးဖြစ်ကြောင်း မလေးရှားရှိ ရတနာစက္ကနာရေးကူညီမှု အသင်းမှ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်က “နိုင်ငံခြားသား ကင်းစင်ရေးဆိုတာနဲ့သွားကြတာ။ နေ့စဉ်လည်း ဖမ်းတာပဲ။ အဓိက,ကတော့ မလေးရှား ပြည်သူတွေရဲ့ တောင်းဆိုချက်ပေါ့။ ပြည်သူတွေမှာ အလုပ်လက်မဲ့ဖြစ်ပြီးတော့ နိုင်ငံခြားသားတွေမှာ အလုပ်တွေ ကိုယ်စီကိုယ်စီ ရှိကြတယ်ပေါ့။ ဒီနိုင်ငံသားကြတော့ ဒီနိုင်ငံသားသူဋ္ဌေးတွေက မခန့်ကြဘူး ငွေရေး ကြေးရေး လစာကွာတာတွေ အဲဒါတွေပါတာပေါ့။ မလေးရှားပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့ နိုင်ငံခြားသား ကင်းစင် ရေး အကုန် တစ်မြို့မကျန်ပေါ့ အကုန်လုံးကို လိုက်ဖမ်းတော့တာ။ အိမ်တွေလည်း ဖမ်းတယ်။ club တွေလည်း ဖမ်းတယ်။ အခုဆိုရင် စက်ရုံတွေလည်း ဖမ်းတယ်။ အရင့်အရင်တုန်းကဆိုရင် စက်ရုံတွေကို ဝင်ခဲတယ်။ ဖမ်းတာ မရှိဘူး။ အခုက စက်ရုံတွေရော တံခါးတွေ ရိုက်ချိုးဖျက်ပြီးဖမ်းတာ။ ရထားပေါ် ဖမ်းတယ်။ ကားပေါ်ဖမ်းတယ်ပေါ့။ ကျနော်တို့နေခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ မလေးရှားမှာ။ ဒီနှစ်က အဖမ်းအကြမ်း ဆုံးပဲပေါ့” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးနေစဉ်

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ဂရုတစိုက် ဆင်ခြင်နေထိုင်ကြရန် သက်ဆိုင်ရာနိုင်ငံများမှ အလုပ်သမား အရေး ဆောင်ရွက်နေသူများက အကြံပြုကြသည်။

ထိုင်းရဲချုပ်က ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားနေထိုင်မှုများကို စောင့်ကြည့် ဖော်ထုတ်အရေးယူရန်   ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ထုတ်ပြီးနောက်  ၇ ရက်အတွင်း နိုင်ငံခြားသား ၉၅၃၂ ဦးကို ဖမ်းဆီးခံခဲ့ရသည်။

ထိုဖမ်းဆီး ခံရသူများထဲတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား လုပ်ကိုင်ခွင့် တားမြစ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား ၄၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်၌ သတင်းထုတ်ပြန်ထားသည်။  

လာမည့် ကာလများတွင် ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုများပြားလာနိုင်ရန် ရှိ/မရှိ မပြောနိုင်သော်လည်း ထိုင်းရဲချုပ် ကိုယ်တိုင် အမိန့်ထုတ်ထားသည့်အတွက် စိုးရိမ်စရာကောင်းသည့် လက္ခဏာဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 ၎င်းက “ထိုင်းရဲချုပ်က ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စနစ်တကျ စစ်ဆေးအရေး ယူရမယ်လို့ ပြောလိုက်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ အပတ်ကပဲ လူပေါင်း ၉၀၀၀ ကျော်လောက် ဖမ်းလိုက်တာကို ကြားသိရတယ်။ အခုချိန် အခြေအနေမျိုးမှာ ပထမအသုတ်ကတော့ လူသစ်တွေ ပန်းရောက်ကဒ် ရိုက်တာတို့ စာရွက်စာတမ်းတို့ကတော့ ရကုန်ကြပြီဆိုတော့ သူတို့အတွက်က သိပ်အန္တရာယ်မရှိဘူး။ သို့သော် လုံးလုံ မှတ်ပုံတင် အသစ်ကို မလျှောက်ထားဘဲနဲ့ ဒီအတိုင်းမှေးပြီးမှ အကြောင်းကြောင်းကြောင့်ပေါ့ ငွေရေးကြေးရေး မပြည့်စုံလို့ ဘာလို့ညာလို့ မမီလိုက်လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဆက်လက်ပြီး ရှာဖွေစစ်ဆေးနေတဲ့ သဘောရှိတယ်။ များသွားမလား၊ လျော့သွားမလား တပ်အပ်မပြောနိုင်သော်လည်း ထိုင်းရဲချုပ်ကိုယ်တိုင်က ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် ရှာဖွေစစ်ဆေးအရေးယူဖို့ အမိန့်ထုတ်လိုက်တာ ကတော့ အင်မတန် စိုးရိမ်စရာကောင်းတဲ့ လက္ခဏာလို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကို မြန်မာသို့ ပြန်မပို့ရေး ဆန္ဒပြတောင်းဆိုနေကြစဉ်

လက်ရှိတွင် မြန်မာနိုင်ငံသား အများစုသည် ထိုင်းအစိုးရက အသိအမှတ်ပြု လုပ်ပေးနေသော ပန်းရောင်ကတ် (ခေါ်) အလုပ်သမားကဒ်များ ပြုလုပ်ရန် စောင့်ဆိုင်းနေကြရပြီး အမည်စာရင်း (Name List)  မှတ်ပုံတင်ထားသည့် ပထမအဆင့်ကိုသာ ပြီးစီးထားကြသူများအတွက်မူ စိုးရိမ်စရာမရှိကြောင်း သိရသည်။

သို့သော် ဖေဖော်ဝါရီ ၁၃ ရက်တွင် နေထိုင်ခွင့် သက်တမ်း ကုန်ထားသော မြန်မာအလုပ်သမားများသည်လည်း သက်တမ်းတိုးခွင့်ရရန်  စောင့်ဆိုင်းနေကြလျက်ရှိသည်။ 

ထို့ပြင် အဖမ်းအဆီးများ ကြမ်းနေသဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံကို ရောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်မပို့ရန် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြိုမှာရှိသည့် မလေးရှားသံရုံးနှင့် ထိုင်းသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများက မတ်လ ၄ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။