CNI International News
ဝါရှင်တန်၊ မတ်လ ၅
မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်စည်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်၏ ကုန်စည်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ စီမံချက်သည် မတ်လ ၄ ရက်က စတင်အသက်ဝင်ခဲ့ပြီဖြစ်၍ အမေရိကန်နှင့် ထို ၃ နိုင်ငံအကြား ကုန်သွယ်ရေး စစ်ပွဲတစ်ခု စတင် ပေါ်ပေါက်စေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မက္ကဆီကို၊ ကနေဒါနှင့် တရုတ်တို့သည် အမေရိကန်နိုင်ငံ အတွင်းသို့ ဖန်တနိုင်းလ် (fentanyl) မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးနိုင်ခြင်းမရှိကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်း အကြာဖြစ်သည့် ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၁ မိနစ်အချိန်တွင် အခွန်တိုးကောက်သည့် အစီအစဉ် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကလည်း အမေရိကန်ထံမှ တင်သွင်းသည့် ကုန်စည်များကို မတ်လ ၁၀ ရက်မှစပြီး အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု ကြေညာခဲ့ပြီး အမေရိကန် အဖွဲ့အစည်းအားလုံးအတွက် ပို့ကုန်ကဏ္ဍ တားမြစ် ကန့်သတ်ချက် အသစ်များ ချမှတ်ခဲ့သည်။
ဆယ်စုနှစ် ၃ စုကြာ အမေရိကန်နှင့် အခွန်ကင်းလွတ်စွာ ကုန်သွယ်ခွင့်ရရှိခဲ့သည့် ကနေဒါနှင့် မက္ကဆီကိုတို့ ကလည်း ၎င်းတို့၏ နှစ်ရည်မဟာမိတ်ဖြစ်သော အမေရိကန်ကို တုန့်ပြန်မည့် အစီအစဉ်များကို ကြေညာခဲ့သည်။
ကနေဒါ၊ တရုတ်၊ မက္ကဆီကိုတို့ကို တွေ့ရစဉ်
ကနေဒါသည် ဒေါ်လာ ၂၀ ဒသမ ၇ ဘီလျံရှိသည့် အမေရိကန်၏ ကုန်စည်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ပြီး ထရမ့်၏ အခွန်ကောက်ခံမှုသည် ၂၁ ရက်ကြာ ရှိလာပါက ဒေါ်လာ ၈၆ ဒသမ ၂ ဘီလျံ တန်ဖိုးရှိသည့် အမေရိကန်၏ ကုန်စည်များကို အခွန်တိုးမြှင့် ကောက်ခံသွားမည်ဟု ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) က ပြောကြားခဲ့သည်။
ယခင်ကမူ ကနေဒါသည် အမေရိကန်၏ ဘီယာ၊ ဝိုင်၊ ဘာဘွန်းဝီစကီ၊ အိမ်တွင်း အသုံးအဆောင် ပစ္စည်းများနှင့် ဖလော်ရီဒါ လိမ္မော်ရည်များကို အခွန်တိုးကောက်သွားမည်ဟု ထရူဒိုးက ပြောခဲ့ဖူးသည်။
“အခွန်တွေ တိုးကောက်တာဟာ အောင်မြင်နေတဲ့ ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံမှုကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ ဒါဟာ ထရမ့်ရဲ့ ပထမသက်တမ်းက လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်””ဟု ထရူဒိုးက ပြောကြားခဲ့ သည်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိမ်းဘမ်း (Claudia Sheinbaum) ကလည်း အမေရိကန်၏ အခွန်တိုးကောက် သည့် လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ တုန့်ပြန်သွားလိမ့်မည်ဟု မက္ကဆီကို စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: ရိုက်တာ