CNI International News
ဘန်ကောက်၊ မတ်လ ၃
၂၀၂၄ ခုနှစ်က ထိုင်း၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) ၏ လေ့လာချက်အရ ထိုင်းတွင် ထိုင်ဝမ်နှင့် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်းသည် မြင့်တက်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုနှစ်အတွင်း ပြည်ပနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုများသည် ပြီးခဲ့သည့် ၂ နှစ်တာကာလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့ကျသွားခဲ့ပြီး ပိုင်ရှင်အမည် လွှဲပြောင်းမှုများ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ်က ကွန်ဒိုလွှဲပြောင်းအပ်နှံမှု အရေအတွက်သည် ၁၅,၄၇၃ ယူနစ်ရှိခဲ့ပြီး ၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အရောင်းအဝယ်တန်ဖိုး စုစုပေါင်းသည် ဘတ် ၆၈ ဒသမ ၁၈ ဘီလျံရှိခဲ့သည်။
ပြည်ပနိုင်ငံသားများ ဝယ်ယူသည့် ပျမ်းမျှ ကွန်ဒိုစျေးနှုန်းသည် ဘတ် ၄ ဒသမ ၇ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ပျမ်းမျှ ဝယ်ယူသော ကွန်ဒိုစျေးနှုန်းဖြစ်သည့် ဘတ် ၅ ဒသမ ၁ သန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့ကျခဲ့သည်။
ထိုင်းက ကွန်ဒိုပြခန်းကို တွေ့ရစဉ်
ထို့ပြင် ထိုင်းတွင် တရုတ်နှင့် ရုရှားနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် သိသာစွာ နှေးကွေးသွားခဲ့ပြီး ၂၀၂၄ ခုနှစ် က ထိုင်း၌ တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် ၅၆၇၀ ယူနစ်သာရှိခဲ့၍ ၁၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း ခဲ့ကာ အရောင်းအဝယ် တန်ဖိုးအားဖြင့် ၂၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ထိုအခြေအနေက တရုတ်၏ စီးပွားရေး နှေးကွေးနေမှုနှင့် ပထဝီနိုင်ငံရေး မသေချာသည့် ဖြစ်စဉ်များကို မီးမောင်း ထိုးပြသရာ ရောက်ခဲ့သည်။
သို့သော် မြန်မာနှင့် ထိုင်ဝမ်မှ ဝယ်သူများသည် ထိုင်း၏ ကွန်ဒိုစျေးကွက်တွင် အများဆုံး နှုန်းထားရှိခဲ့သည်။
၂၀၂၄ ခုနှစ်က ထိုင်းတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် ၁၄၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကွန်ဒိုယူနစ် ၁၃၈၈ ဝယ်ယူခဲ့ကာ အရောင်းအဝယ် တန်ဖိုးသည် ဘတ် ၇ ဒသမ ၄ ဘီလျံရှိခဲ့ပြီး ၈၉ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒကြောင့် အကျိုးအမြတ်ရနေသည့် ထိုင်ဝမ် ဒေသခံများသည်လည်း ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု ၅၇ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကာ ကွန်ဒိုယူနစ် ၈၃၆ နှင့် တန်ဖိုးအားဖြင့် ဘတ် ၄ ဒသမ ၃ ဘီလျံ ရှိခဲ့ပြီး ၄၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
Source: The Nation