CNI International News

တိုင်ပေ၊ အောက်တိုဘာ ၇

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အမိမြေတစ်ခု မဖြစ်နိုင်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te) က အောက်တိုဘာ ၅ ရက်တွင်ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုင်ဝမ်သည် ပိုမိုသက်တမ်းရင့်သည့် နိုင်ငံရေး အမြစ်တွယ်မှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မေလက သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့သည့် လိုင်ကို တရုတ်က ခွဲထွက်ဝါဒီ တစ်ဦးဖြစ်ကြောင်း ဝေဖန်ရှုတ်ချ ခဲ့သည်။

လိုင်ကမူ တရုတ်၏ အချုပ်အခြာ အာဏာပိုင်ကြောင်း ထွက်ဆိုချက်ကို ငြင်းပယ်ခဲ့ပြီး တရုတ်၏ နောက်ဆုံး မင်းဆက်ကို ဖြုတ်ချခဲ့သည့် ၁၉၁၁ ခုနှစ်ကာလများက ထိုင်ဝမ်ကို တရုတ်သမ္မတနိုင်ငံအဖြစ် ခေါ်ဆိုခဲ့ဖူးကြောင်း လိုင်က ပြောကြားခဲ့သည်။

တရုတ်သမ္မတနိုင်ငံ အစိုးရသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သည့် မော်စီတုန်း (Mao Zedong) ၏ ကွန်မြူနစ်များနှင့်ဖြစ်ပွားသည့် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်၌ ထိုင်ဝမ်သို့ ထွက်ပြေးသွား ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်မည့် ထိုင်ဝမ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများ မတိုင်မီ ဖျော်ဖြေပွဲ တစ်ခုတွင် လိုင်က အမှာစကားပြောကြားခဲ့သည်။

ထိုင်ဝမ်အလံကို ကိုင်ထားသူကို တွေ့ရစဉ်

ထိုသို့ အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သည် အောက်တိုဘာ ၁ ရက်တွင် ၎င်းတို့ နိုင်ငံထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်ကို အောင်ပွဲခံခဲ့ပြီး ရက်အနည်းငယ် အကြာတွင်မူ တရုတ်သမ္မတ နိုင်ငံ (ROC)၏ ၁၁၃ နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် နှစ်သက်တမ်းများကို သုံးသပ်ရမည်ဆိုပါက PRC သည် ROC ၏ အမိမြေဖြစ်ရန် လုံး၀မဖြစ်နိုင်ကြောင်း၊ ဆန့်ကျင်ဘက် ပြောရမည်ဆိုပါက ၇၅ နှစ် သက်တမ်းသာရှိသေးသည့် PRC ၏ အမိမြေမှာ ROC ဟု ပြောနိုင် ကြောင်း လိုင်က ပြောကြားခဲ့သည်။

"အဲဒီလို အောင်ပွဲခံမှုတွေရဲ့ အရေးအကြီးဆုံး အဓိပ္ပာယ်တွေထဲက တစ်ခုကတော့ ကျနော်တို့ဟာ အချုပ်အခြာ အာဏာပိုင်ပြီး လွတ်လပ်တဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သတိရနေရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြော သည်။

လိုင်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကမူ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဖြေကြားခဲ့ခြင်းမရှိပေ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကမူ အမျိုးသားနေ့အကြို မိန့်ခွန်းပြောကြားမှုတွင် တရုတ်အစိုးရသည် ထိုင်ဝမ်ကို မိမိတို့ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia