CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၅

ရန်သူများအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို အင်အားသုံးပြီး ထိပါးလာမည်ဆိုပါက နျူကလီးယား လက်နက်များနှင့် ထိုးစစ်ဆင် တိုက်ခိုက်ရေးတပ်ဖွဲ့များ အားလုံးကို အသုံးပြုရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား စစ်ရေးပြ အခမ်းအနားအတွင်း မြောက်ကိုရီးယား အစိုးရ၏ အဆုံးသတ် ဖြစ်လာလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ကို ကင်မ်က ဝေဖန်ရှုတ်ချခဲ့သည်။

ယွန်း၏ မှတ်ချက် စကားများသည် ဒေသတွင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသည့် အခြေအနေအား ပြသရာရောက်သည်ဟု ကင်မ်က ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန် ဒုံးကျည်ပစ်လွှတ်မှုကို ကြည့်ရှုနေစဉ်

ထို့ပြင် ယွန်းသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် နိုင်ငံရှေ့တွင် စစ်အင်အားပြပြီး လေလုံးထွား ပြောဆိုနေကြောင်း၊ ထိုလုပ်ဆောင်မှုများသည် ရယ်စရာကောင်းပြီး ယွန်းသည် ပုံမှန်မဟုတ်သည့် အမျိုးသား တစ်ဦးဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

"မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ရန်သူတွေက ရူးမိုက်ပြီး မဆင်မခြင် ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးပမ်းမယ်ဆိုရင် မြောက်ကိုရီးယား အစိုးရကလည်း နျူကလီးယား လက်နက်တွေ အပါအဝင် ထိုးစစ်ဆင် တိုက်ခိုက်ရေး တပ်ဖွဲ့တွေအားလုံးကို အသုံးပြုဖို့ ဝန်လေးမှာ မဟုတ်ပါဘူး" ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့သည်။

ကင်မ်သည် အောက်တိုဘာ ၂ ရက်က မြောက်ကိုရီးယားစစ်တပ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များအား လေ့ကျင့် သင်တန်းပေးနေသည့် လေ့ကျင့်ရေးစခန်းသို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ချိန်က အထက်ပါ မှတ်ချက် စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယား စစ်တပ်ကိုတွေ့ရစဉ်

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်စီမံကိန်းကို ဆယ်စုနှစ်များစွာကြာ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ဒါဇင်နှင့်ချီသည့် နျူကလီးယား လက်နက်များကို ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအား ရရှိထား ပြီဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း မြေအောက်တွင် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများကို ၆ ကြိမ် ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်က ဆိုးလ်မြို့တော်တွင် ပြုလုပ်သည့် တောင်ကိုရီးယား စစ်ရေးပြ အခမ်းအနား၌ ကြီးမားသော လက်နက်ထိပ်ဖူး တပ်ဆင်နိုင်သည့် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ပြသခဲ့ပြီး အမေရိကန်ဗုံးကြဲ လေယာဉ်ကလည်း ဝေဟင်မှာ ပျံသန်းခဲ့သည်။

ထိုစစ်ရေးပြ အခမ်းအနားအတွင်း ယွန်းက မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက်များ အသုံးပြု မည်ဆိုပါက ကင်မ်ဂျုံအန် အစိုးရ၏ အဆုံးသတ် ဖြစ်လာလိမ့်မည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။

Source: ရိုက်တာ