CNI International News

ဘတ္တလာ၊ အောက်တိုဘာ ၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ္တလာ (BUTLER) မြို့တွင် အောက်တိုဘာ ၅ ရက်က နောက်တစ်ကြိမ် မဲဆွယ်စည်းရုံးပွဲ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ဇူလိုင် ၁၃ ရက်က ထိုမြို့တွင် မဲဆွယ်စည်းရုံးပွဲ ပြုလုပ်ခဲ့ချိန်က သေနတ်သမားတစ်ဦး၏ လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး နားရွက်ကို ကျည်ဆန်မှန်သွားခဲ့သည်။

ထိုကဲ့သို့ ပစ်ခတ်ခံရသည့် နေရာမှာပင် ယခု ဒုတိယအကြိမ် မဲဆွယ်စည်းရုံးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် ထိုမဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောကြား နေချိန်အတွင်း မိန့်ခွန်းပြောကြားမှု အလယ်ပိုင်းလောက် တွင် Tesla စီအီးအိုနှင့် X လူမှုမီဒီယာ ပလက်ဖောင်းပိုင်ရှင် အီလွန်မာ့စ် (Elon Musk) ကို စင်မြင့်ပေါ် ဖိတ်ကြား ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့က ဒေါ်နယ်ထရမ့် လုပ်ကြံခံရစဉ်

ဩဇာကြီးမားသည့် မာ့စ်သည် ဇူလိုင် ၁၃ ရက်က သမ္မတဟောင်း ထရမ့်ကို ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် လောင်းအဖြစ် ထောက်ခံခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထရမ့်၏ မဲဆွယ်စည်းရုံးပွဲတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

"လူတစ်ယောက်ရဲ့ စရိုက်ကို စမ်းသပ်တဲ့ အမှန်ဆုံး စမ်းသပ်ချက်ကတော့ သေနတ်နဲ့ ပစ်ခတ်ခံရချိန်မှာ ဘယ်လို ပြုမှုခဲ့သလဲဆိုတာပဲ ဖြစ်ပါတယ်"ဟု မာ့စ်က ပြောကြားခဲ့ပြီး ထရမ့်အား မဲပေးရန် ပရိသတ်များအား တိုက်တွန်း ခဲ့သည်။

ဇူလိုင် ၁၃ ရက်က ပစ်ခတ်မှု ဖြစ်စဉ်တွင် သေဆုံးသွားသည့် မီးသတ်သမားတစ်ဦးဖြစ်သူ ကော်ရေး ကွမ်ပရေတော (Corey Comperatore) နှင့် ဒဏ်ရာရသူ အခြားနှစ်ဦးကို ထရမ့်က ဂုဏ်ပြုခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားသည့် ညနေ ၆ နာရီ ၁၁ မိနစ်တွင် ထရမ့်က ဝမ်းနည်းကြောင်း အသံတိတ်ဖော်ပြရန် ငြိမ်သက်ခဲ့ ပြီး ငြိမ်သက်မှုအပြီးတွင် ထရမ့် အပါအဝင် သေနတ်ထိမှန်သူ ၄ ဦးအတွက် ခေါင်းလောင်းသံ ၄ ချက်ထိုးခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

ထို့နောက် ထရမ့်က ၎င်း၏ မိန့်ခွန်းအတွင်း ပြည်တွင်းရန်သူသည် ပြည်ပရန်သူထက်ပိုပြီး အန္တရာယ်များကြောင်း သက်သေမပြဘဲ အရိပ်အမြွက်ပြောကြားခဲ့သည်။

၎င်းအား ပစ်ခတ်ခဲ့သည့် သေနတ်သမားသည် သွေးအေးသည့် လုပ်ကြံသတ်ဖြတ်သူဖြစ်ပြီး မိမိအား နှုတ်ပိတ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ သို့သော် မိမိတို့၏ လှုပ်ရှားမှုကို ရပ်တန့်ခဲ့ခြင်းမရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

လူပေါင်းသောင်းချီရှိသည့် ပရိသတ်များကလည်း ထရမ့်၏ မိန့်ခွန်းကို အင်တိုက်အားတိုက် ဟစ်ကြွေး ထောက်ခံခဲ့ ကြပြီး ပရိသတ်အချို့ကမူ ထရမ့် ပစ်ခတ်ခံရချိန်က ဆောင်ပုဒ်ဖြစ်သည့် Fight ဆိုသည့် စကားလုံးကို ဟစ်ကြွေးခဲ့ ကြသည်။

Source: ရိုက်တာ