CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ နံနက်က ကွယ်လွန်သွားပြီဟု ဇနီးဖြစ်သူ ဒေါ်ယုယုမေက သူ၏လူမှုကွန်ရက်ကနေ ရေးသားထုတ်ပြန် ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ရောဂါ ခံစားနေရသူဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့က မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ သတိမေ့နေရာကနေ ICU ထဲသို့ရွေ့ပြောင်းခဲ့ရသည်။

ထို့နောက် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီတွင် အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က NLD ပါတီကို ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲ မဲစာရင်း အငြင်းပွါးမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ၍ အာဏာ ရယူခဲ့စဉ်ကတည်းက ဖမ်းဆီးခံထားရသူ ဖြစ်သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့တွင် နစက-က လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ထုတ်ပြန်ခဲ့ သည်။

ဒေါက်တာဇော်မြင့်မောင်သည် NLD ပါတီတွင် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၅-၂၀၂၀ ထိ အုပ်ချုပ်ခဲ့သော NLD အစိုးရ လက်ထက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။