CNI International News

ဝါဆော၊ အောက်တိုဘာ ၇

ပိုလန်နိုင်ငံအနေဖြင့် ယခုမျိုးဆက်တွင် စစ်ပွဲဖြစ်ပွားလာပါက မိမိကိုယ်ကိုယ် ကာကွယ်ရန် စစ်အင်အား မြှင့်တင်ရန်လိုအပ်ကြောင်း ပိုလန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကူကူလာ (Wieslaw Kukula)က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် ပိုလန်တွင် သက်ကြီးပိုင်း လူဦးရေ များပြားနေသဖြင့် စစ်အင်အား မြှင့်တင်ရန် တပ်သားသစ် စုဆောင်းမှု သည် ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

"ကျနော်တို့ မျိုးဆက်ဟာ ကျနော်တို့နိုင်ငံကို ကာကွယ်သွားမှာပါ။ ကျနော်ရော ခင်ဗျားတို့ပါ စစ်ပွဲကို ရှုံးနိမ့်ချင်မှာ မဟုတ်ပါဘူး"ဟု ကူကူလာက ၀ရိုကလော (Wroclaw) မြို့ရှိ Land Forces စစ်တက္ကသိုလ်တွင် မိန့်ခွန်း ပြောကြား ခဲ့သည်။ 

"ကျနော်တို့ စစ်ပွဲကို အနိုင်ရမှာပါ။ ပိုလန်ကို ဆက်လက် တည်ဆောက်သွားမှာပါ။ ဒါပေမယ့် တစ်ခုခုဖြစ်လာခဲ့ မယ်ဆိုရင် အဲဒီအခြေအနေအတွက် လက်နက်ကိုင်တပ်ဖွဲ့ အင်အားကို မြှင့်တင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပိုလန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကူကူလာကို တွေ့ရစဉ်

နိုင်ငံအတွင်း သက်ကြီးပိုင်း လူဦးရေ များပြားနေမှု ပြဿနာသည် တပ်သားသစ် စုဆောင်းရေးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပြီး ရန်သူ၏ အင်အားသည် ကြီးမားနိုင်သဖြင့် မိမိတို့အနေဖြင့် အခြေခံ စံနှုန်းတစ်ခုဖြင့် စစ်တပ်ကို ပို၍ ကြီးမားအောင် တည်ထောင်ရမည်ဖြစ်ကြောင်း ကူကူလာက လက်ရှိတွင် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် မဖြစ် မနေ စစ်မှုထမ်းဥပဒေကို ရည်ညွှန်းပြောဆိုခဲ့သည်။

ပိုလန်စစ်တပ်သည် ယခုနှစ်ကုန်ပိုင်းတွင် စစ်သားအင်အား ၂၀၇,၅၀၀ ကျော် ရှိလာမည်ဖြစ်ပြီး ထိုပမာဏသည် နေတိုးအဖွဲ့အတွင်း အမေရိကန်နှင့် တူရကီနိုင်ငံတို့ပြီးပါက တတိယမြောက် စစ်အင်အား အများဆုံး နေတိုး အဖွဲ့ဝင်နိုင်ငံ ဖြစ်လာလိမ့်မည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လအတွင်းကလည်း ကူကူလာက ပိုလန်အနေဖြင့် အင်ပြည့်အားပြည့် စစ်ပွဲအတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပိုလန်နှင့် ရုရှား၊ ဘယ်လာရုစ်တို့၏ ဆက်ဆံရေးသည် သိသာစွာ ယိုယွင်းလာခဲ့သည်။

Source: ရိုက်တာ