CNI International News

ဝါဆော၊ ဖေဖော်ဝါရီ ၁၃ 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် အမေရိကန်စစ်သားများနှင့် မဟာမိတ်များ၏ လုံခြုံရေးကို အန္တရာယ်ဖြစ်စေရန် လုပ်ဆောင်နေသည်ဟု နေတိုးအဖွဲ့အကြီးအကဲက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ရုရှားသည် နေတိုးအဖွဲ့ဝင်များအပေါ် ၎င်းတို့ လုပ်ချင်တာမှန်သမျှကို လုပ်ဆောင်နိုင်စွမ်းရှိသင့်သည်ဟု ထရမ့်က ပြောကြားခဲ့ပြီးနောက် နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ် (Jens Stoltenberg)က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"မဟာမိတ်နိုင်ငံတွေအကြား အချင်းချင်း ကာကွယ်မပေးဘူးဆိုတဲ့ မှတ်ချက်စကားတွေဟာ အမေရိကန် အပါအဝင် ကျနော်တို့ရဲ့ လုံခြုံရေးကို လျော့ပါးစေနိုင်ပြီး အမေရိကန်နဲ့ ဥရောပစစ်သားတွေကို အန္တရာယ်ရှိ စေနိုင်ပါတယ်" ဟု စတိုတန်ဘာ့ချ်က ပြောသည်။

တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်၊ ကွန်းဝေး (Conway) မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်ခဲ့သည့်် လူထုတွေ့ဆုံပွဲမှာ အပြစ်ကျူးလွန်သော နေတိုးမဟာမိတ်အဖွဲ့ဝင်များ၏ အရေးကိစ္စ၌ ရုရှားသည် ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

 နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုစကားကို ထရမ့်သည် သမ္မတတာဝန်ယူစဉ်အခါက နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ပြောကြားခဲ့ဖူးကြောင်း ပြန်လည် ပြောပြခဲ့သည်။

"သင်အပြစ်လုပ်ထားရင် ပြန်ပေးဆပ်ရမှာပဲလေ။ ကျနော်က ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီအစား (ရုရှားကို) ဆန္ဒရှိသလို လုပ်ဖို့ ကျနော်က တိုက်တွန်းသွားဦးမှာပါ။ သင်လုပ်ခဲ့တာအတွက် သင်ပြန်ပေးဆပ်ရမယ်လေ" ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်၏ မှတ်ချက်စကားများကြောင့် ပြီးခဲ့သည့်် ရာစုနှစ်များအတွင်း ရုရှား၏ ထိန်းချုပ်မှုကို ခံခဲ့ရသည့် ပိုလန်နိုင်ငံ ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး ပိုလန်နှင့် နယ်စပ်ချင်း ထိစပ်နေသော ယူကရိန်းတွင် ဖြစ်ပွားနေသည့် ရုရှား၏ စစ်ပွဲဆင်နွှဲမှုအပေါ် ပူပင်သောကများ ထွက်ပေါ်စေခဲ့သည်။

"ကျနော်တို့ရဲ့ နယ်စပ်ဒေသက အခြေအနေက စစ်ဖြစ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်" ဟု ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ် (Donald Tusk) က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂသည် ကာကွယ်ရေးကဏ္ဍကို အာရုံစိုက်လာမည်ဆိုပါက စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍ တို့တွင် အားနည်းသွားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် ပြောင်းလဲနေခြင်းကြောင့်ဖြစ်ကြောင်း တာ့စ်က ပြောကြားခဲ့သည်။

Source: အေပီ