CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မပါဝင်သဖြင့် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအပေါ် ပြောင်းလဲမှု ဖြစ်စေနိုင်ဘူးဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အများဆုံး အနိုင်ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ပါတီမှတ်ပုံတင်ထားခြင်း မရှိပေ။
ထိုသို့ ရွေးကောက်ပွဲ၌ NLD ပါတီ အနေဖြင့် မပါဝင်ခြင်းသည် လက်နက်ကိုင် တိုက်ပွဲများ၌ ပြောင်းလဲမှု မဖြစ်စေ နိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲမှာ NLD ကို ပါဝင်ခွင့် မပြုတာက မပါဝင်တာက အခုဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ထဲမှာ အကြီးအကျယ် ပြောင်းလဲမှု မဖြစ်နိုင်စေတဲ့ အဓိက အကြောင်းအရင်းပဲ။ အဲဒီတော့ တစ်ခုတော့ရှိတယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလိုပဲ NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ခွင့် ပြုမှာလား။ အဲဒီလိုဆိုရင်တော့ ဦးသိန်းစိန်အစိုးရက အခင်းအကျင်းမျိုးက မျှော်လင့်စရာရှိတာပေါ့။ သို့သော် အဲဒီလိုမျိုး ပြန်ဖြစ်ပါဦးမလား ဆိုတာက သံသယရှိစရာဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နောင်တက်လာမယ့် စကစ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော၊ နောက်ပြည်ခိုင်ဖြိုးက ဥက္ကဋ္ဌ ဦးခင်ရီရောက သူတို့က ဦးသိန်းစိန်လောက် မပျော့ပြောင်းဘူး။ နောက်တစ်ခုက ပြုပြင်ပြောင်းလဲရေးပေါ့၊ သိပ်ပြီးတော့ ဦးသိန်းစိန်လို တက်တက်ကြွကြွ လုပ်လိမ့်မယ်လို့ မထင်ရဘူး။ မထင်ဘူး။ မထင်တဲ့အခါကြတော့ အဲဒီအခြေအနေမျိုး ဖြစ်လာဖို့ မလွယ်ဘူး။ အဲဒီလိုနိုင်ငံရေး အခြေအနေမျိုး ဖြစ်လာရင်တော့ တခြားတစ်ပြည်လုံးပေါ့။ PDF တွေ၊ NUG တို့ လှုပ်ရှားနေတဲ့ နေရာတွေက တဖြေးဖြေး NLD သာ ရွေးကောက်ပွဲမှာ ပါဝင်လာပြီးတော့ လွှတ်တော် ကိုယ်စား လှယ် နေရာတချို့ ပြန်ရမယ်ဆိုတဲ့ဟာမျိုး ဦးသိန်းစိန် အစိုးရလက်ထက် ကြားဖြတ် ရွေးကောက်ပွဲကာလကလိုမျိုး ပြန်ဖြစ်လာတယ်ဆိုရင်တော့ မျှော်လင့်စရာရှိတာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ KNU ဥက္ကဋ္ဌဟောင်းကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လက်ရှိတွင် NLD ပါတီ၏ ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် နှင့် နိုင်ငံရေးတာဝန်၊ လူထုဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်တို့သည်လည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာမှုများ ပေးသည့်အထဲတွင် ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သေးသည်ကို တွေ့ရသဖြင့် ရွေးကောက်ပွဲပြီးမှ လွှတ်ပေးနိုင်ဖွယ် ရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

လက်နက်ကိုင် အင်အားစုကို တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည် မပါဝင်သည့် နိုင်ငံရေး အခင်းအကျင်းတွင် တော်လှန်ရေး အင်အားစုများ ပိုကြီးထွား လာနိုင်သကဲ့သို့ တော်လှန်ရေး အင်အားစုများ၏ စိတ်ဓာတ်ရေးရာမှာလည်း အများကြီး ကျသွားနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ တစ်ပြည်လုံးမှာ အုံကြွပြီးတော့မှ တွန်းလှန်တိုက်ခိုက်နေမှုဟာ ရာခိုင်နှုန်းပြည့် ပြောလို့ မရသေးဘူး။ အများကတော့ ရာခိုင်နှုန်းပြည့်လို့ ထင်တယ်။ ဒါပေမယ့် ရာခိုင်နှုန်းပြည့်လို့ ပြောလို့မရသေးတာက တော့ ဒေါ်စုအပေါ်မှာ မျှော်လင့်ချက် တွေထားတာလည်း အဲဒါကြောင့်မို့လို့ မပါဝင်ကြဘူးပေါ့။ သို့သော်လည်းပဲ တကယ်လို့ ဒေါ်စုသာ တစ်ခုခု ဖြစ်သွားတယ်ဆိုရင်တော့ ဒါက NLD လည်း ပြီးသွားပြီဆိုရင် ကျနော်တို့ တော်လှန် ရေး အများစု အများစုက အင်အားပိုကြီးထွားလာနိုင်ပါတယ်။ တစ်ဖက်ကလည်း ပြောမှာပေါ့။ ဒေါ်စု မရှိတော့တဲ့ အတွက်ကြောင့် ဒေါ်စုကို မှီပြီးတော့မှ လုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားက စိတ်ဓာတ်ရေးရာမှာ အများ ကြီး ကျသွားနိုင်တယ်လို့ ပြောတာလည်း ရှိနေတယ်။ ဒါ ဒီနှစ်ခုမှာ ဘယ်ဟာ ဖြစ်မယ်ဆိုတာ ကျနော်တို့က စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံ့ အကျပ်အတည်းများနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြေလည်ရေး ဆွေးနွေး ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါသင့်ပါထိုက်သည့် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိသည်။
