CNI International News
ဒါကာ၊ ဒီဇင်ဘာ ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာ (Sheikh Hasina) ကို ဖြုတ်ချရာတွင် အဓိကနေရာက ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးပါတီသစ် တစ်ခုကို ထူထောင်ခဲ့သော်လည်း နိုင်ငံရေး ထောက်ခံမှု ရရှိရန် ရုန်းကန်နေရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ကျောင်းသားများ ထူထောင်ခဲ့သည့် နေရှင်နယ် စီတီဇင် ပါတီ(NCP)သည် သာမန်အားဖြင့် လူကြိုက်များမှု မြင့်တက်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် နိုင်ငံရေးထောက်ခံမှု လုံလောက်စွာ ရရှိရန် ရုန်းကန် နေရဆဲဖြစ်သည်။
NCP ပါတီကမူ ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ်များစွာကြာ အမြစ်တွယ်နေခဲ့သည့် ဆွေမျိုး ကောင်းစားရေးဝါဒနှင့် ပါတီ ၂ ခုတည်းက ဩဇာလွှမ်းမိုးထားသည့် အခြေအနေကို အဆုံးသတ်မည်ဟု ကတိပြုခဲ့သည်။
သို့သော် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အချိန်နီးကပ်လာသည်နှင့်အမျှ NCP သည် ဘက်ပေါင်းစုံမှ ကောင်းမွန်စွာ ပြင်ဆင်ထားသည့် ပြိုင်ဘက်ပါတီများနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်။

NCP ပါတီအကြီးအကဲ နာဟစ် အစ္စလာမ်ကို တွေ့ရစဉ်
"ကျနော်တို့ ပါတီက အားနည်းနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ ပါတီကို အင်အားကောင်းမွန် အောင် တည်ဆောက်ဖို့ အချိန် မလုံလောက်ခဲ့လို့ ဖြစ်ပါတယ်" ဟု NCP ပါတီအကြီးအကဲ နာဟစ် အစ္စလာမ် (Nahid Islam) က ပြောကြားခဲ့သည်။
အသက် ၂၇ နှစ်အရွယ် အစ္စလာမ်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ယာယီအစိုးရအဖွဲ့တွင် ပြန်ကြားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
"လက်ရှိ အနေအထားကို ကျနော်တို့ နားလည်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အတွက် အသင့်ရှိနေပါတယ်" ဟု ၎င်းက ပြောသည်။
မည်သို့ပင်ဆိုစေ လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် NCP သည် အခြား အင်အားကြီး ပါတီများ၏ နောက်တွင် အပြတ်အသတ် နောက်ကောက်ကျ ကျန်နေဆဲဖြစ်သည်။

NCP ပါတီအကြီးအကဲ နာဟစ် အစ္စလာမ်(အလယ်)ကို တွေ့ရစဉ်
International Republican Institute ၏ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် NCP ပါတီသည် လူထု ထောက်ခံမှုနှုန်း ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ်၏ အင်အားအကြီးဆုံး ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) သည် လူထုထောက်ခံမှု နှုန်း ၃၀ ရာခိုင်နှုန်းနှင့် ဦးဆောင်နေကာ အစ္စလာမ်မစ်ပါတီဖြစ်သည့် Jamaat-e-Islami(ဂျာမာ အိစ် အစ္စလာမ်) ပါတီက လူထုထောက်ခံမှုနှုန်း ၂၆ ရာခိုင်နှုန်းနှင့် ဒုတိယနေရာတွင် ရှိခဲ့သည်။
ရှိတ်ဟာဆီနာ၏ Awami League(အဝါမီ လိဂ်)ပါတီသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရ သော်လည်း ၎င်းတို့ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုပါက ဆူပူအုံကြွမှုများ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း Awami League ပါတီက သတိပေးခဲ့သည်။
Source: ရိုက်တာ
